စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီအမှန်တကယ် လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ ၁၂-၃-၂၀၂၆ ရက်နေ့မှစတင်၍ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသည့် Barcodeနှင့် မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါ အချက်အလက်များကို အသုံးပြု၍ QR Code ထုတ်ပေးပြီး Application ဖြင့် စစ်ဆေးသည့် နည်းလမ်းကို အသုံးပြုဆောင်ရွက်လျက်ရှိပြီး ပိုမို၍အဆင်ပြေကောင်းမွန်လာစေရန် Application Software နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိသည်။

၁၂-၃-၂၀၂၆ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ Application အသုံးပြု၍ စိစစ်ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် ၆၂၀၁၇ စီးနှင့် မော်တော်ဆိုင်ကယ် ၅၆၀၈၀ စီးကို အဆင်ပြေချောမွေ့စွာ ရောင်းချပေးနိုင်ခဲ့ပါသည်။ ယင်းသို့ စမ်းသပ်အသုံးပြုရာတွင် အချို့ယာဉ်များ၏ Wheel Tax Barcode များမှာ ဆေးရောင်မှိန်သည့်အတွက် Scan ဖတ်ရန်အခက်အခဲရှိခြင်း၊ Wheel Tax ၏ Barcode တွင် ပါဝင် သည့်ယာဉ်၏ အချက်အလက်နှင့် စနစ်၏အချက်အလက်များအကြား ကွဲလွဲမှုအချို့ တွေ့ရှိရခြင်း၊ အချို့ယာဉ်များမှာ တစ်ရက်အတွင်း ထပ်မံပြန်လည်ဝယ်ယူရန်ကြိုးစားခြင်းများကို  စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယာဉ်၏အချက်အလက်များ ပိုမိုပြည့်စုံမှန်ကန်စေရေး သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။

Barcode ဖတ်မရသည့် ယာဉ်များအတွက် အရောင်းဆိုင်များတွင် ယာဉ်၏အချက်အလက်များကို ဖြည့်သွင်းစေပြီး စက်သုံးဆီဝယ်ယူရန်အတွက်သာ QR Code များ ထုတ်ပေးခြင်းစနစ်ကို ၁၅-၃-၂၀၂၆ ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယာဉ်ပိုင်ရှင်များ အနေဖြင့်လည်း Wheel Tax Barcode ဖတ်မရသည့်ကိစ္စနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အမြန်ဆုံးသွားရောက် ဆောင်ရွက်ရမည်ဖြစ်သည်။

ခရီးဝေးသွားလာသည့် ကိုယ်ပိုင်ယာဉ်များအတွက် စက်သုံးဆီဖြည့်လိုပါက Scan ထပ်မံဖတ်ရန်မလိုဘဲ ယင်းရက်အတွက် စက်သုံးဆီ ဝယ်ယူထားသည့် ငွေရှင်းပြေစာကိုပြသ၍ အဝေးပြေးလမ်းမကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် အခြားခရီးဝေး(မိုင် ၁၀၀ အထက်)မြို့များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ထပ်မံဝယ်ယူနိုင်မည်ဖြစ်သည်။

 လက်ရှိအခြေအနေတွင် နိုင်ငံတကာစက်သုံးဆီဈေးနှုန်းသည် နေ့စဉ်နှင့်အမျှ လျင်မြန်စွာမြင့်တက်လျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ရေနံအကျပ်အတည်းမဖြစ်မီ နိုင်ငံတကာစက်သုံးဆီ ဈေးနှုန်းနှင့် ၁၃-၃-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများနှိုင်းယှဉ်ရာတွင် ဓာတ်ဆီအုပ်စုတွင် ၇၀ ရာခိုင်နှုန်းကျော် နှင့် ဒီဇယ်အုပ်စုတွင် ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်သည်ကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ နိုင်ငံတကာဈေးနှုန်း သိသာစွာမြင့်တက်လာသော်လည်း နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ပြီး စက်သုံးဆီ ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်လျက်ရှိရာ အကျပ်အတည်းမဖြစ်မီ ဈေးနှုန်းနှင့် ၁၃-၃-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဈေးနှုန်းများမှာ ဓာတ်ဆီအုပ်စုတွင် ၁၂ ရာခိုင်နှုန်းနှင့် ဒီဇယ်အုပ်စုတွင် ၂၃ ရာခိုင်နှုန်း သာမြင့်တက်သည်ကို တွေ့ရှိရမည်ဖြစ်သည်။

နိုင်ငံတော်အတွင်း စက်သုံးဆီသိုလှောင်ထားမှုအနေဖြင့် ဓာတ်ဆီအုပ်စုတွင် ရက် ၄၀၊ ဒီဇယ်အုပ်စုတွင် ရက် ၅၀ အတွက် သိုလှောင်ထားရှိပြီး သီလဝါတွင် ဆီချရန်ရောက်ရှိနေသည့် ဆီတင် သင်္ဘော သုံးစင်း၊ Pilot တွင်ရောက်ရှိနေသည့် ဆီတင်သင်္ဘော နှစ်စင်း၊ လမ်းခရီးတွင်ရောက်ရှိနေသည့် ဆီတင်သင်္ဘော သုံးစင်း၊ ဆီတင်ရန် စောင့်ဆိုင်းနေသည့် ဆီတင်သင်္ဘော ၁၂ စင်း စုစုပေါင်း ဆီတင်သင်္ဘော ၂၀ ရှိပါသည်။ ထို့အပြင် မတ်လအတွင်း စက်သုံးဆီသင်္ဘော ၁၉ စင်း ထပ်မံတင်သွင်းရန်လည်း စီမံထားရှိပြီးဖြစ်ပါသည်။ ပြည်သူလူထု အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်တွင် စက်သုံးဆီ သိုလှောင်ထားမှုပမာဏ ထပ်မံမြင့်တက်လာမည်ဖြစ်ပါသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီများကို ပြည်သူများအားလုံး ညီတူညီမျှ လုံလောက်စွာသုံးစွဲနိုင်ရေးအတွက် အစဉ်တစိုက် စီမံဆောင်ရွက် လျက်ရှိပါသဖြင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါသည်။

စွမ်းအင်ဝန်ကြီးဌာန