နေပြည်တော် မတ် ၁၄

ဖိလစ်ပိုင်နိုင်ငံ တာဂွစ်မြို့တွင် မတ် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (Thirty-Second ASEAN Economic Ministers’ Retreat - 32nd AEM Retreat) နှင့်ဆက်စပ် အစီအစဉ်များသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

(၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး ပထမပိုင်းတွင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ (ASEAN Business Advisory Council - ASEAN-BAC) က ၂၀၂၆ ခုနှစ် အတွင်း ဦးစားပေးဆောင်ရွက်မည့်စီမံကိန်းများနှင့် လုပ်ငန်းစဉ်များတင်ပြခြင်း၊ အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia – ERIA) က အာဆီယံ၏ စီးပွားရေးခံနိုင်ရည်ရှိမှုကို မြှင့်တင် ပေးမည့် စက်မှုဆိုင်ရာမူဝါဒမူဘောင် ရေးဆွဲပေးမည့် ကိစ္စအား အဆိုပြုတင်ပြခြင်း၊ အာဆီယံနှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (Asian Development Bank- ADB) တို့အကြား မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရန် အဆိုပြု အစီအစဉ်များအပေါ် စီးပွားရေးဝန်ကြီးများက ပုဂ္ဂလိကအခန်းကဏ္ဍ ခိုင်မာအားကောင်းစေရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအား အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည်။

ထို့နောက် အစည်းအဝေး ဒုတိယပိုင်း ဆက်လက်ကျင်းပရာ စီးပွားရေးဝန်ကြီးများက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသုံးသပ်ချက်များ၊ အာဆီယံအဆင့်မြင့်အစည်းအဝေးတို့မှ ထွက်ပေါ် လာသည့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အာဆီယံ ပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Geoeconomic Task Force - AGTF) နှင့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့ (High-Level Task Force on ASEAN Economic Integration - HLTF-EI) တို့မှတင်ပြသည့် အကြံပြု ချက်များ၊ရေရှည်တည်တံ့မှု (Sustainability) ဆိုင်ရာ ကနဦးလုပ်ငန်းစဉ်များနှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း အကောင်အထည်ဖော်မှု အခြေအနေ များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် စီးပွားရေးဝန်ကြီးများက ၂၀၂၆ ခုနှစ်၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံက ဆောင်ရွက်မည့် ဦးစားပေးစီးပွားရေးလုပ်ငန်းစဉ်များအနက် အာဆီယံစီးပွားရေး ဝန်ကြီးများ ကြီးကြပ်မှုအောက်ရှိ သဘောတရားစာတမ်း (Concept Paper) များကို အတည်ပြုခဲ့ကြသည်။

ထို့ပြင် စီးပွားရေးဝန်ကြီးများက အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေးမူဘောင် သဘောတူစာချုပ် (ASEAN Digital Economy Framework Agreement - DEFA) ကို ၂၀၂၆ ခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့်လမ်းညွှန်ချက်များ ပေးခဲ့ပြီး အာဆီယံ ပြင်ပမိတ်ဖက်နိုင်ငံများဖြစ်သည့် ကနေဒါ၊ ကိုရီးယား၊ အိန္ဒိယတို့နှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအခြေအနေများ၊ အီးယူ၊ အာရပ်ပင်လယ်ကွေ့နိုင်ငံများ၊ ပစိဖိတ် ဖြတ်ကျော်မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက လက်ရှိကာလတွင် ပထဝီနိုင်ငံရေးနှင့် ပထဝီ စီးပွားရေးဆိုင်ရာ မသေချာမှုများ မြင့်တက်နေသည့်အတွက် စီးပွားရေးလုံခြုံမှုသည် အရေးကြီးကြောင်း၊ ဒေသတွင်း တန်ဖိုးကွင်းဆက် ကြံ့ကြံ့ခံနိုင်ရေး၊ စီးပွားရေးတိုးတက်မှုတည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရေးအတွက် စီးပွားရေး လုံခြုံမှုသည် မရှိမဖြစ်လိုအပ်ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒေသတွင်း စွမ်းအင်လုံခြုံမှုအပေါ် စိန်ခေါ်မှုဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် စွမ်းအင်နှင့်သယ်ယူပို့ဆောင်မှုစရိတ် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ပြတ်တောက်မှု၊ စားရေရိက္ခာလုံခြုံမှုအတွက်လည်း ဒေသတွင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီးပွားရေးအပေါ် ရိုက်ခတ်လျက်ရှိသည့် လက်ရှိ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အာဆီယံ၏အချက်အချာကျမှုကို ဗဟိုပြု၍ မည်သည့် အဖွဲ့ဝင်နိုင်ငံမျှ နောက်ကျကျန်ရစ်နေမှု မရှိစေဘဲ ဒေသတွင်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှု အားကောင်းစေရေးကို တွန်းအားပေးဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းခိုင်မာစေရန်လည်း လိုအပ်ကြောင်း အလေးထားဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များ (Priority Economic Deliverables- PEDs) အချိန်မီ အကောင်အထည်ဖော် ပြီးစီးရေးအတွက် အခြားအာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာဆီယံအပေါင်းတစ် လွတ်လပ်သော ကုန်သွယ်မှုဒေသများ ညှိနှိုင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့်ရလဒ်များ ထွက်ပေါ်လာစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ သည်။

(၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကာလအတွင်း မကြာမီက ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို တုံ့ပြန်ရန် အာဆီယံ စီးပွားရေး ကြံ့ကြံ့ခံနိုင်စွမ်းခိုင်မာစေရေးဆိုင်ရာ အာဆီယံစီးပွားရေးဝန်ကြီးများ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်နေစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ အစိမ်းရောင်စီးပွားရေးကူးပြောင်းမှုနှင့်စပ်လျဉ်းပြီး ကမ္ဘာ့ဖွံ့ဖြိုးရေးဘဏ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ပူးတွဲအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့ တက်ရောက်ပြီး မနီလာမြို့ရှိ ဖိလစ်ပိုင်နိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ထုတ်ကုန်များကို ခင်းကျင်းပြသသည့် Likhang Filipino ပြခန်းသို့ သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား စီးပွား ဆက်သွယ်မှုမြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး အာဆီယံစီးပွားရေးဝန်ကြီးများအား တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

(၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ H.E Ma Christina A. Roque က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်