မော်လမြိုင် မတ် ၁၄

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန မွန်ပြည်နယ်အခွန်ဦးစီးဌာန မှူးရုံးမှ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (Central Equipment Identity Register -CEIR ) အကြောင်းနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာရှင်းလင်း ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်အခွန်ဦးစီး ဌာနမှူး ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီ က မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများ စံချိန်စံညွှန်းနှင့် ကိုက်ညီစစ်မှန်သည့် နိုင်ငံတော်သို့ ကျသင့်အခွန် အကောက်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းတွင် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ရန်အတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် အကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးက အခွန်ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ် များနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များက လိုအပ်သည်များကိုဖြည့်စွက် ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)