အင်္ဂပူ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(အင်္ဂပူ) စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ ဓာတုဗေဒနှင့် ပထဝီဝင် ဘာသာရပ်ဖြေဆိုနေမှုကို ကြည့်ရှု အားပေးသည်။
အင်္ဂပူမြို့နယ် အတွင်းရှိ စာစစ်ဌာနခုနစ်ခုတွင် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား ၂၆၀၊ ကျောင်းသူ ၃၈၂ ဦး စုစုပေါင်း ၆၄၂ ဦးနှင့် ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား ၂၅၈ ဦး၊ ကျောင်းသူ ၄၁၁ ဦး စုစုပေါင်း ၆၆၉ ဦး ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း စာစစ်ဌာန၌ စက်မှုအတတ်ပညာ ဘာသာရပ်မှ ပေါင်းစပ်သိပ္ပံဘာသာနှင့် သီးနှံ ထုတ်လုပ်ရေး(၃) ဘာသာရပ်တို့ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို နေမှုကိုကြည့်ရှုသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ယင်းနောက် ပုသိမ်-မုံရွာ-ဘက်ရဲမြို့ အဝင်လမ်းပေါ်ရှိ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် တံတားဦး ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) တို့က တံတားမုခ်ဦးကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား ကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ပြီး ကွန်ကရစ်တံတားအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီအားဖြည့်ပေးကြသော ဒိုးပတ်ဝိုင်းအဖွဲ့အား ဂုဏ်ပြု ဆုငွေချီးမြှင့်ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဘက်ရဲမြို့ အမှတ်(၂) တောင်သူ ဦးမြင့်အောင် ၏ လယ်မြေကွင်းအမှတ်(၅၉) ရွှေတစ်ကျောင်းကွင်းရှိ လယ်မြေ သုံးဧကပေါ်တွင် မျိုးစေ့ချ ကိရိယာဖြင့် (အောင်နိုင်တိုး) နွေစပါးအား မြေဩဇာကြဲပက်နေမှုကို ကြည့်ရှုပြီး မြို့နယ်စိုက်ပျိုး ရေးတိုးမြှင့်အဖွဲ့အား နည်းစနစ် မှန်ကန်စွာဖြင့် အသုံးပြုနိုင်ရေး ကြီးကြပ် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


