နေပြည်တော် မတ် ၁၅
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ကရင်ပြည်နယ် မြဝတီမြို့နယ် မဲထော်သလေးကျေးရွာအနီး၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်ပုန်းအောင်း နေထိုင်လျက်ရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ မတ် ၁၄ ရက်တွင် တရားမဝင် ပြည်ပနိုင်ငံသား ၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
အလားတူ ယနေ့တွင်လည်း မြဝတီမြို့နယ် မဲထော်သလေးကျေးရွာ၏အရှေ့ဘက် မီတာ ၆၅၀ ခန့် အကွာနေရာ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်ပုန်းအောင်း နေထိုင်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက မွန်းတည့် ၁၂ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ မြဝတီမြို့နယ် မဲထော်သလေးကျေးရွာ၏အရှေ့ဘက် မီတာ ၆၅၀ ခန့်အကွာအနီးရှိ တောအုပ်အတွင်း၌ ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၆၃ ဦး၊ အမျိုးသမီး နှစ်ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား တစ်ဦး၊ မလေးရှားနိုင်ငံသား အမျိုးသမီး တစ်ဦး၊ ရုရှားနိုင်ငံသား အမျိုးသမီး တစ်ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး တစ်ဦး စုစုပေါင်း ၆၉ ဦးတို့ကို ထပ်မံဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၆၉ ဦးအား မြဝတီမြို့၌ ထိန်းသိမ်းထားရှိကာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


