နေပြည်တော် မတ် ၁၅‌

 

စွမ်းအင် ဝန်ကြီးဌာနသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိရာ ပြည်သူများ အမှန်တကယ် အကျိုးခံစားခွင့်ရရှိစေရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဖြစ်ပေါ်နေသည့် စက်သုံးဆီ အကျပ်အတည်းကို နိုင်ငံတော်အနေဖြင့် ဖြေရှင်းဆောင်ရွက်ရာတွင် စက်သုံးဆီ ခြိုးခြံချွေတာနိုင်ရေး၊ အရန် စက်သုံးဆီပမာဏ ပိုမိုသိုလှောင်နိုင်ရေး၊ စက်သုံးဆီ တင်သွင်းသည့် အရန်လမ်းကြောင်းများအား ရှာဖွေရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများဖြင့်‌ ဆောင်ရွက်နေပါကြောင်း၊ စက်သုံး ဆီခြိုးခြံချွေတာနိုင်ရေးတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍ အဆင်ပြေချောမွေ့စေရေးသည် အဓိကကျပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG)များကို မပြောင်းလဲသော ဈေးနှုန်းဖြစ်သည့် ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ရောင်းချပေးနေပါကြောင်း၊ ယင်းဈေးနှုန်းသည် နိုင်ငံတကာ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေပါကြောင်း၊ စက်စွမ်းအားတူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် CNG တို့အား တူညီ ခရီးအကွာအဝေးအတွက် လောင်စာဆီ ကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါက CNG သည် သုံးပုံတစ်ပုံခန့်သာ ကုန်ကျမည်ဖြစ်ပါကြောင်း၊ CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများ ခံစားခွင့်ရရှိစေရန် ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ CNG Taxi သုံးယာဉ်များအား စီးနင်းကြသည့် ပြည်သူများအနေဖြင့် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်း ကြီးမြင့်မှုကို အခွင့်အရေးယူ၍ ငှားရမ်းခ တိုးမြှင့်တောင်းခံခြင်းများ ကြုံတွေ့ရ၍ တိုင်းကြားလာပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်၍ သုံးစွဲခွင့်တောင်းခံထားသည့် အခြားမော်တော်ယာဉ်များကို ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ YBS ယာဉ်များအနေဖြင့်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထား သည့် လမ်းကြောင်းများအတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေး ကြရန် လိုအပ်ပါကြောင်း၊ မကြာမီ အချိန်အတွင်း CNG အသုံးပြုနေသည့် မော်တော်ယာဉ်များတွင် Metering စနစ် တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ် ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ကို ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီးက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ CNG သုံးယာဉ်များအနေဖြင့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် ထိရောက် အကျိုးရှိစွာ ဝန်ဆောင်မှုပေးစေရေး တင်းကျပ်စွာကြပ်မတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး တင်ပြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

CNG သုံးယာဉ်များနှင့် စပ်လျဉ်း၍ အများပြည်သူအနေဖြင့် ကျေနပ်မှုမရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်