ငဖဲ မတ် ၁၅
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ မန်းချောင်းရေလှောင်တမံ၊ ရင်းရှည်ရေလှောင်တမံနှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ၁၁၉၃ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့အထိ ၁၀၄၄ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
၂၀၂၆ ခုနှစ် နွေသီးနှံများ စိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ အဆင်ပြေစွာ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေ၊ ဆည်ငယ် ကန်ငယ်ရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးမည့် လယ်ယာမြေများသို့ စိုက်ပျိုးရေများ စနစ်တကျဖြန့်ဝေပေးလျက်ရှိပြီး စိုက်ပျိုးပြီးစီးသည့် နှမ်းမျိုးများမှာ စမုန်နက် ၃၂၈ ဧက၊ ဆင်းရတနာ-၁၂ ဧက ၃၀၀ နှင့် သိပ္ပံနှမ်းနက် ၄၁၆ ဧက စုစုပေါင်း ၁၀၄၄ ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်းနှင့် နွေနှမ်းအထွက်နှုန်းကောင်းမွန်ရန် စနစ်တကျ ရေသွင်းပေးရန်လိုအပ်ပြီး နှမ်းပင် အခြေရေမဝပ်ရန် စိမ့်ရေဖြင့်ရရှိအောင် ရေပေးမြောင်းစနစ်ဖြင့် ရေသွင်းပေးရကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် နွေသီးနှံများ စိုက်ပျိုးရာသီ၌ စပါးနှင့်နှမ်းကို အဓိကထားစိုက်ပျိုးကြပြီး ဒေသတွင်း စားသုံးဆီဖူလုံစေရေး နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံအထွက်နှုန်း တိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ သီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ တောင်သူအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)


