ပေါင် မတ် ၁၅

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သောနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာတွင် နေကြာဧက ၁၅၂၀ စိုက်ပျိုးရန် လျာထားပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် နေကြာ ၁၅၂၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

 

ပေါင်မြို့နယ်တွင် ဆောင်းသီးနှံနေကြာလျာထားချက် ကျော်လွန်အောင်မြင် ဖြစ်ထွန်းစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူနည်းပညာပေးရေးလုပ်ငန်များ ဆောင်ရွက်ပေးခြင်း၊ တောင်သူအချို့အနေဖြင့်လည်း ယမန်နှစ်ကစိုက်ပျိုးခဲ့သည့် အတွေ့အကြုံနှင့် လိုအပ်သည်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ပေါင်းစပ်ပြီး စိုက်ပျိုးထားကြောင်း သိရသည်။

 

အဆိုပါနေကြာများ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် ဒေသခံတောင်သူများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ပေးလျက်ရှိ

 

ပေါင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသည့် နေကြာများ တစ်ဧကချင်းစီအလိုက် အထွက်နှုန်းကောင်းစေရန်၊ အရည်အသွေးကောင်း နေကြာများထွက်ရှိစေရန်၊ မြေယာပြုပြင် ခြင်းလုပ်ငန်းများ၊ မြေဩဇာ အသုံးပြုနည်းများ၊ ပိုးသတ်ဆေး အသုံးပြုနည်းများ၊ ရေအသုံးချမှု ဆိုင်ရာများ၊ နေကြာမျိုးကောင်း မျိုးသန့်ရွေးချယ်နည်းများနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မွန်မလေး(ပြန်/ဆက်)