မောင်ကမ္ဘာ
ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်ပြီးကတည်းက ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာ နဂိုရ်က နွားမ ပေါင်ကျိုးတာ ဘာဆိုင်လို့လဲ ပြောလို့မရတော့ပါဘူး။ ဆူပါပါဝါနိုင်ငံကြီးတွေရဲ့ ကောင်းမွေ၊ ဆိုးမွေကို ကမ္ဘာ့နိုင်ငံတိုင်း မျှဝေခံစားကြရတာပါပဲ။ အထူးသဖြင့် အိမ်ရှေ့ပူရင် အိမ်နောက်လည်း မချမ်းသာဖြစ်ရ တော့တာပဲ။
လက်ရှိမှာလည်း အီရန်၊ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခက ဒုတိယ သီတင်းပတ်အတွင်းမှာ ပိုမိုပြင်းထန်လာတာနဲ့အမျှ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရင်းမြစ်ပြတ်လပ်မှု ပြဿနာက ပိုကြီးထွားလာပါပြီ။ စစ်ရေးပဋိပက္ခကြောင့် အီရန်က ကမ္ဘာ့ရေနံ ငါးပုံ၊ တစ်ပုံစီးဆင်းရာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပင်ထားရာကနေ ရေနံတင်သင်္ဘောတွေ လွတ်လပ်စွာသွားလာခွင့် မရဘဲ တစ်ပတ်ကျော်ပိတ်မိနေတဲ့အပြင် အရှေ့အလယ်ပိုင်းက နိုင်ငံအချို့မှာ ရေနံချက်စက်ရုံတွေ ပိတ်ထားရပါတယ်။
ကမ္ဘာ့စွမ်းအင်ဈေးကွက်
ဟော်မုဇ်ရေလက်ကြားပိတ်ဆို့နေမှုက ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို အနှောင့်အယှက်ဖြစ်လာတဲ့ အတွက် ကမ္ဘာ့ပဉ္စမမြောက် ရေနံအများဆုံးထုတ်လုပ်တဲ့ ကူဝိတ်နိုင်ငံကလည်း ရေနံထုတ်လုပ်မှုကို လျှော့ချထားတယ်လို့ သိရပါတယ်။
စစ်ရေးပဋိပက္ခတွေ ဘယ်တော့ပြီးမလဲ။ မနက်ဖြန် သို့မဟုတ် ဘယ်သောအခါဆိုသလို ဘယ်သူမှ တိတိကျကျ ရေရေရာရာ သေချာပေါက် မပြောနိုင်ပါဘူး။ စစ်ပွဲတွေဆိုတာ စတင်တာ လွယ်သလောက် အပြီးသတ်ဖို့က ခက်ခဲပါတယ်။ တစ်ဖက်နဲ့တစ်ဖက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြတ် ဖြတ်ဖို့က ပိုလို့ခက်ခဲပါတယ်။ လက်ရှိအရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခမှာလည်း သက်ဆိုင်ရာနိုင်ငံတွေ စစ်ပန်းလာတဲ့အခါ၊ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့အခါ၊ ငြိမ်းချမ်းရေးကိုလိုလားတဲ့ ပြည်သူတွေရဲ့စစ်ဆန့်ကျင်မှုတွေ ပြင်းထန်လာတဲ့အခါ ရုရှား၊ တရုတ် စတဲ့နိုင်ငံကြီးတွေရဲ့ကြားဝင်စေ့စပ်မှုနဲ့ ရပ်စဲသွားလိမ့်မယ်လို့ ထင်မြင်ယူဆမိကြောင်းပါ။
သို့သော်ငြား လတ်တလောကာလမှာတော့ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့သွားမှုနဲ့အတူ ကမ္ဘာ့ရေနံဈေးနှုန်းတွေလည်း နှစ်ပေါင်းများစွာအတွင်း အကြီးအကျယ်ထိုးတက်သွားပါတယ်။
ဒါကြောင့် ကမ္ဘာ့နိုင်ငံတိုင်းလိုလိုက အရန်သိုလှောင်ဆီတွေ လျော့ပါးမသွားစေဖို့အတွက် စွမ်းအင်ခြိုးခြံချွေတာရေးအစီအမံတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ လောင်စာဆီတင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုအားပြုနေကြရတဲ့ အရှေ့တောင်အာရှနဲ့ တောင်အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ လည်း စွမ်းအင်ခြိုးခြံချွေတာရေးအစီအမံတွေကို အသည်းအသန်လုပ်ဆောင်လျက်ရှိပါတယ်။
အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံတစ်ဝန်းရှိ အစိုးရနဲ့ ပုဂ္ဂလိက တက္ကသိုလ်အားလုံးကို မတ်လ ၉ ရက်နေ့ကစတင်ပြီး အရေးပေါ်ပိတ်လိုက်တယ်လို့ သိရပါတယ်။ ကျောင်းဝင်းအတွင်း လျှပ်စစ်သုံးစွဲမှုနဲ့ မော်တော်ယာဉ်တွေ လမ်းပေါ်မှာဆီသုံးစွဲမှုကို လျှော့ချဖို့ရည်ရွယ်ပြီး မူလကသတ်မှတ်ထားတဲ့ အီးဒ်ပွဲတော်ရုံးပိတ်ရက်ကို စောစီးစွာစတင်လိုက် ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ဝန်ကြီးချုပ် အနုတင်ချန်ဝီရကူးလ်က အစိုးရဝန်ထမ်းတွေကို အိမ်ကနေပဲအလုပ်လုပ်ဖို့ (Work from home)ညွှန်ကြားထားပြီး အဆိုပါစွမ်းအင် ချွေတာရေးအစီ အစဉ်မှာ ဓာတ်လှေကားအစား ရိုးရိုးလှေကားတွေ အသုံးပြုခြင်း၊ အရေးကြီးကိစ္စမှအပ ပြည်ပခရီးစဉ် တွေကို ရပ်ဆိုင်းထားခြင်းစတဲ့ အစီအမံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံကလည်း စွမ်းအင်သုံးစွဲမှုကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့အတွက် အစိုးရဝန်ထမ်းတွေကို တစ်ပတ်မှာလေးရက်သာ အလုပ်ဆင်းဖို့၊ လူကိုယ်တိုင်တက်ရောက်ရတဲ့ အစည်းအဝေးတွေကိုလျှော့ချသွားဖို့၊ အခန်းတွင်း လေအေးပေးစက်တွေကိုလည်း မူလပုံမှန်သုံးနေကျ ဒီဂရီစင်တီဂရိတ်ထက် လျှော့ချသုံးစွဲဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။
ဗီယက်နမ်နိုင်ငံကတော့ ကုမ္ပဏီဝန်ထမ်းတွေကို အိမ်မှာနေပြီးအလုပ်လုပ်ဖို့ အစီအမံကို မတ်လ ၁၀ ရက်ကစတင်တိုက်တွန်းလိုက်ပြီး ကိုယ်ပိုင်ကား အသုံးမပြုဘဲ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေကိုသာသုံးစွဲဖို့ နှိုးဆော်ထားကြောင်း သိရပါ တယ်။
စက်သုံးဆီသုံးစွဲမှု တစ်ရက်ကို ဓာတ်ဆီဂါလန် ၁ ဒသမ ၅ သန်း၊ ဒီဇယ်ဆီဂါလန် ၁ ဒသမ ၇ သန်း စုစုပေါင်းတစ်ရက်ကို ဆီဂါလန် ၃ ဒသမ၂ သန်းခန့် သုံးစွဲနေရတဲ့ မြန်မာနိုင်ငံမှာတော့ စက်သုံးဆီခြိုးခြံ ချွေတာသုံးစွဲရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက် ကစတင်ပြီး လစဉ် “စုံ”ရက်တွေမှာ စုံနံပါတ်အက္ခရာ ပါသောယာဉ်တွေ (ဥပမာ - 2 A/----- ၊ 4 A/----) စသဖြင့်၊ “မ”ရက်တွေမှာ မနံပါတ်အက္ခရာပါသော ယာဉ်များ (ဥပမာ - 1 A/ -----၊ 3 A/ ------) စသဖြင့် ပုဂ္ဂလိကပိုင်ယာဉ်တွေ မောင်းနှင်အသုံးပြုဖို့နဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေသာမက ပြည်သူတွေ အနေနဲ့ စက်သုံးဆီဝယ်ယူစုဆောင်းခြင်းနဲ့ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းတွေ လုံးဝမပြုလုပ်ဖို့ မတ်လ ၃ ရက်နေ့က ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီး ထပ်မံ၍ တစ်စုံတစ်ရာထုတ်ပြန်မှုမရှိတဲ့ အချိန်အထိအတည်ဖြစ်ကြောင်း၊ အဆိုပါ စည်းကမ်းသတ်မှတ်ချက်တွေကို ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။
ဒီလို “စုံ”၊ “မ” သတ်မှတ်ချက်မှာ EV မော်တော် ယာဉ်/ဆိုင်ကယ်တွေ၊ နေ့စဉ်အများပြည်သူ သယ်ယူ ပို့ဆောင်ရေးမော်တော်ယာဉ်တွေ၊ အငှားယာဉ် တွေ(Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်ရေးယာဉ် တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်နဲ့ စည်ပင်အမှိုက်သိမ်းယာဉ်တွေ မပါဝင်ဘဲ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
မတ်လ ၄ ရက်နေ့မှာလည်း နေ့စဉ်အသုံးပြုနိုင် တဲ့မော်တော်ယာဉ်တွေထဲမှာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအတွက် ဝန်ထမ်းကြိုပို့ယာဉ်တွေ၊ ကုန်စည်ဖြန့်ဖြူးရေးမှာ အသုံးပြုတဲ့ယာဉ်တွေ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအတွက် ရုံးလုပ်ငန်း အသုံးပြုတဲ့ယာဉ်တွေနဲ့ ကျောင်းကြို/ပို့ယာဉ်တွေလည်းပါဝင်ကြောင်း ဖြည့်စွက်အသိပေး ကြေညာခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ နေ့စဉ်အသုံးပြုတဲ့ မော်တော်ယာဉ်တွေအနေနဲ့လည်း သုံးစွဲတဲ့ အခေါက်ရေအနည်းဆုံးနဲ့ သုံးစွဲတဲ့ယာဉ်စီးရေ အနည်းဆုံးဖြစ်အောင် ကန့်သတ်ခြိုးခြံဆောင်ရွက် ကြဖို့နဲ့ အထက်ပါအကြောင်းကိစ္စတွေအတွက် သုံးစွဲတာမှန်ကန်ကြောင်း ယာဉ်ပေါ်စီးနင်းလိုက်ပါ သူတွေဆီမှာ ၊ ယာဉ်တွေမှာ သက်ဆိုင်ရာအလုပ်ဌာနရဲ့ ခိုင်လုံတဲ့ အထောက်အထား သို့မဟုတ် ထောက်ခံ ချက်တွေပါရှိရမှာဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ပြည်သူကို အသိပေးကြေညာခဲ့ပါတယ်။
စက်သုံးဆီခြိုးခြံချွေတာသုံးစွဲဖို့အတွက် မတ်လ ၇ ရက်က စတင်ကျင့်သုံးခဲ့တဲ့ စုံ/မ စနစ်ကို မတ်လ ၁၃ ရက်အထိ ပညာပေးကာလအဖြစ်သတ်မှတ်ခဲ့ပြီး မတ်လ ၁၄ ရက်မှစတင်ကာ စည်းကမ်းသတ်မှတ် ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေနဲ့အညီ စတင်အရေးယူနေကြောင်း သိရပါ တယ်။
စက်သုံးဆီကို QR Code နဲ့ ရောင်းချပေး
ဒါ့အပြင် စက်သုံးဆီမပြတ်လပ်စေဖို့နဲ့ စက်သုံးဆီအမှန်တကယ်လိုအပ်သူတွေ အဆင်ပြေချောမွေ့ စွာဝယ်ယူရရှိနိုင်ဖို့ရည်ရွယ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ မတ် ၁၂ ရက်မှစလို့ စက်သုံးဆီကို QR Code နဲ့ ရောင်းချပေး သွားမှာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက မတ် ၁၁ ရက်က အသိပေးကြေညာခဲ့ပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေမှာ တစ်ရက်အတွင်း နှစ်ကြိမ်(သို့)သုံးကြိမ် တန်းစီဝယ်ယူမှုတွေ လျော့နည်း ပပျောက်စေဖို့အတွက် QR Code အသုံးပြု ဆောင်ရွက်တာဖြစ်ပြီး ကားအတွက် Wheel Tax ပါ Barcode၊ ဆိုင်ကယ်အတွက် Wheel Tax ပါ အချက်အလက်တွေကိုအသုံးပြု၍ QR Code ထုတ်ပေးခြင်း၊ Application နဲ့ အလိုအလျောက် စစ်ဆေးတဲ့နည်းလမ်းတွေနဲ့ စိစစ်ရောင်းချပေးသွား မယ်လို့ သိရပါတယ်။
တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူ ထားခြင်းမရှိသေးရင် စက်သုံးဆီရောင်းချပေး သွားမှာဖြစ်ပြီး တစ်ရက်ကို ဆီဆိုင်တစ်ဆိုင်မှာ တစ်ကြိမ်သာ ဝယ်ယူခွင့်ရရှိမယ်လို့ သိရပါတယ်။
မတ် ၁၂ ရက်ကစတင်ကာ စမ်းသပ်အသုံးပြု
အဲဒီစနစ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ မတ် ၁၂ ရက်ကစတင်ကာ စမ်းသပ်အသုံးပြုနေပြီး စနစ်ကို စစ်ဆေးပြုပြင်မှုတွေ ဆောင်ရွက်ပြီးရင် ကျန်မြို့တွေမှာလည်း ဆက်လက် အသုံးပြုသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
စွမ်းအင်ဝန်ကြီးဌာနရဲ့ မတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတော်အတွင်းမှာ စက်သုံးဆီ သိုလှောင်ထားမှုက ဓာတ်ဆီအုပ်စုမှာ ရက် ၄၀၊ ဒီဇယ်အုပ်စုမှာ ရက် ၅၀ အတွက် သိုလှောင်ထားပြီး သီလဝါမှာ ဆီချဖို့ရောက်နေတဲ့ ဆီတင်သင်္ဘော သုံးစင်း၊ Pilot မှာ ရောက်နေတဲ့ ဆီတင်သင်္ဘော နှစ်စင်း၊ လမ်းခရီးမှာရောက်နေတာ ဆီတင်သင်္ဘော သုံးစင်း၊ ဆီတင်ဖို့စောင့်ဆိုင်းနေတဲ့ သင်္ဘော ၁၂ စင်း စုစုပေါင်း ဆီသင်္ဘောအစင်း ၂၀ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်လအတွင်း စက်သုံးဆီ သင်္ဘော ၁၉ စင်း ထပ်တင်သွင်းဖို့လည်းစီမံထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေတို၊ ရေရှည် စီမံကိန်းတွေ ချမှတ်ရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေ အနေကို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးတို့နဲ့ ချိန်ထိုးသုံးသပ်စဉ်းစားတွက်ချက်ပြီး အမြင်ကျယ်ကျယ်နဲ့ စီမံဆောင်ရွက်ရတာဖြစ်လို့ လက်ရှိကမ္ဘာ့အခင်းအကျင်းများအရ မြန်မာနိုင်ငံ အနေနဲ့လည်း စက်သုံးဆီခြိုးခြံချွေတာ သုံးစွဲရေး အစီအမံကို ကမ္ဘာ့နိုင်ငံတွေနည်းတူ စီမံဆောင်ရွက် သွားရမှာဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း မတ် ၁၀ ရက်က နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်အစိုးရရဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ဆွေးနွေး မှာကြား ခြင်းအခမ်းအနားမှာ “မိမိတို့အနေဖြင့် နိုင်ငံ့တာဝန် စတင်ထမ်းဆောင်ချိန်တွင် EV ကားများအသုံးပြု ရန်အတွက် တိုက်တွန်းခဲ့သကဲ့သို့ လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ခဲ့ ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် နိုင်ငံတကာအရေး အခင်းများကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့ နိုင်ငံ၌လည်း လောင်စာဆီများ အခက်အခဲဖြစ်ပေါ် လျက်ရှိချိန်တွင် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင် ရေးယာဉ်များ၏ အခန်းကဏ္ဍသည် မြင့်တက်လာနေ သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လောင်စာဆီ အခက်အခဲများကြောင့် မိမိတို့အနေဖြင့် မလိုလား အပ်ဘဲ လောင်စာဆီသုံးစွဲနေမှုများအား အတတ်နိုင် ဆုံးလျှော့ချနိုင်ရေး၊ အခြားနိုင်ငံများနည်းတူ နည်းလမ်း ရှာ၍ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ် သကဲ့သို့ ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း” ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ နိုင်ငံတော် အစိုးရရဲ့ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေး အစီအမံကို ကမ္ဘာ့အမြင်နဲ့ ရှုမြင်သုံးသပ်ပြီး အမြော်အမြင်ရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ လောင်စာဆီ ရှားပါးပြတ်တောက်မှုပြဿနာက ဒိုမီနိုသီအိုရီအရ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုး စီးပွားနဲ့ နိုင်ငံသားတို့ရဲ့ လူမှုစီးပွားဘဝတွေကို ဆင့်ကဲရိုက်ခတ်နိုင်ကြောင်း အသိပေးနှိုးဆော်ပါရစေ။ ။


