ပုသိမ် မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ် ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
ပြောကြား
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ၂၀၁၄ ခုနှစ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်ရာ အဆိုပါဥပဒေတွင် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများကို ရှင်းလင်းစွာ ဖော်ပြရန်၊ ထုတ်ကုန်များကြောင့် စားသုံးသူများ နစ်နာမှုရှိပါက တာဝန်ယူ ဖြေရှင်းပေးရန်နှင့် အရည်အသွေး မပြည့်မီသော ကုန်စည်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းရန် ဖော်ပြထားပြီးဖြစ်ကြောင်း၊ စားသုံးသူများသည် မိမိတို့ဝယ်ယူမည့် ကုန်စည်များတွင် ပါဝင်သော ကုန်အညွှန်း အမှတ်အသားများကို သေချာစွာ ဖတ်ရှုစစ်ဆေးသည့် အလေ့အကျင့်ကို မွေးမြူရမည်ဖြစ်ကြောင်း၊ ဘေးကင်းစိတ်ချရ သော ထုတ်ကုန်များ များပြားလာ သည်နှင့်အမျှ နိုင်ငံ၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ဗီဒီယိုပြသမှု၊ တေးသီချင်းများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


