တောင်ကြီး မတ် ၁၅

 

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ မြို့တော် ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုအာရုံစိုက်မိ လာစေရန်နှင့် စားသုံးသူများ၏ အခွင့်အရေးများကို အလေးထား လိုက်နာအကောင်အထည် ဖော်နိုင်စေရန်ရည်ရွယ်၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများ နေ့အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ (Consumers International - CI)က ကမ္ဘာ့နိုင်ငံများတွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဉ်ဆောင်ပုဒ်တစ်ရပ်ကို သတ်မှတ် ထုတ်ပြန်ပေးလျက်ရှိရာ ယခုနှစ်ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ “ထုတ်ကုန် ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ (Safeproducts, Confident Consumers)ဟု သတ်မှတ်ပေးခဲ့ကြောင်း၊ ထုတ်ကုန်ဘေးကင်း လုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝဆိုသည်မှာ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူ သုံးဦး သုံးဖလှယ် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ထုတ်လုပ်သူဘက်က စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်မှုရှိခြင်း၊ စားသုံးသူဘက်က အသိပညာနှင့်သတိရှိခြင်း၊ အစိုးဘက်က ဥပဒေနှင့်အညီ ထိန်းကျောင်းပေးခြင်းတို့ ပေါင်းစပ်လိုက်ပါကဘေးကင်း စိတ်ချရသော လူမှုပတ်ဝန်းကျင်ကို တည်ဆောက်နိုင် မည်ဖြစ်ပြီးဘေးကင်းမှုရှိလာသည်နှင့်အမျှ စားသုံးသူများ၏ ယုံကြည်မှုသည်လည်း မြင့်မားလာကာနိုင်ငံတော်၏ စီးပွားရေးသည်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

ထို့နောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဗီဒီယိုကလစ်ကို ဖွင့်လှစ်ပြသပြီး ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနား တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် ရှမ်းပြည်နယ်အတွင်း ဒေသထွက်ကုန်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များပြခန်း၊ စားသုံးသူ ကာကွယ်ရေးအသိပညာပေး ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)