ဘူတာပတ် မတ် ၁၅
တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးမြင့်မော်တော်ယာဉ်များသည် ဟန်ဂေရီနိုင်ငံ ဘူတာပတ်မြို့၌ ကျင်းပသည့် မော်တော်ယာဉ်ပြပွဲတွင် ပါဝင်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲသည် တရုတ်နိုင်ငံမှ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် ဥရောပအလယ်ပိုင်းနှင့်အရှေ့ပိုင်းဒေသများသို့ ဈေးကွက်ချဲ့ထွင်ရန် စင်္ကြံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်အမှတ်တံဆိပ်များဖြစ်သည့် Geely BAIC MG နှင့် OMODA တို့က ၎င်းတို့၏ အရည်အသွေးမြင့်ကားများကို ပြသခဲ့ပြီး ဥရောပဒေသတွင်းဈေးကွက်ကို ချဲ့ထွင်နိုင်ရန် ဆောင်ရွက်ခဲ့သည်။ Geely မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက ၎င်းထုတ်လုပ်သည့် လျှပ်စစ်နှင့် လောင်စာဆီ နှစ်မျိုးလုံး သုံးစွဲနိုင်သည့် မော်တော်ယာဉ်များနှင့် လျှပ်စစ်ကားများကို ပြသခဲ့သည်။ ဟန်ဂေရီနိုင်ငံဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ခြင်းသည် မိမိတို့ ကုမ္ပဏီ၏ ဥရောပဈေးကွက် ဝင်ရောက်ရေးဆိုင်ရာ မဟာဗျူဟာ၏ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်ကြောင်းနှင့် ဟန်ဂေရီနိုင်ငံတွင် Geely မော်တော်ယာဉ်အမှတ်တံဆိပ်ကို ခိုင်မာစွာနေရာယူရန်နှင့် ဥရောပအရှေ့ပိုင်းဒေသတွင် မော်တော်ယာဉ်ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ မော်တော်ယာဉ်အစိတ်အပိုင်းများထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်သိုလှောင်ရုံများ တည်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


