ပေကျင်း မတ် ၁၆
တရုတ်နိုင်ငံသည် နိုင်ငံအတွင်းရှိ မြေအောက်ရေထုတ်ယူသုံးစွဲမှုစီမံခန့်ခွဲရေးအတွက် မြေအောက်ရေ စောင့်ကြည့်လေ့လာရေးစခန်းများနှင့် မြေအောက်ရေလေ့လာရေးစနစ်များကို တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ရေအရင်းအမြစ်ဆိုင်ရာဝန်ကြီးဌာနက မတ် ၁၆ ရက်တွင် ပြောကြားသည်။
စိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက် ရယူသုံးစွဲနိုင်သည့် မြေအောက်ရေသည် နိုင်ငံသားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် အရေးကြီးသည့် အရင်းအမြစ်ဖြစ်ပြီး ခိုင်မာသည့် ဂေဟစနစ်ထူထောင်ရေးအတွက် မဟာဗျူဟာကျသည့်အရင်းအမြစ်ဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလတွင် အမျိုးသားအဆင့် မြေအောက်ရေစောင့်ကြည့်ရေးစခန်း နှစ်သောင်းကျော်တည်ထောင်ခဲ့ပြီး မြေအောက်ရေအလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းဆိုင်ရာ စောင့်ကြည့်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားသည်။ မြေအောက်ရေထုတ်ယူသုံးစွဲခြင်းကို စနစ်တကျအရေးယူဆောင်ရွက်ခဲ့သဖြင့် နိုင်ငံမြောက်ပိုင်းရှိဒေသများတွင် မြေအောက်ရေကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


