ပုသိမ် မတ် ၁၆

 

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များနှင့် မိတ်ဆက်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ လွှတ်တော်ရုံး ပင်မအဆောက်အအုံရှိ Banquet Hall ၌ ကျင်းပသည်။

 

ဦးစွာ  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လွှတ်တော်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဆောက်အအုံ ပြုပြင်မွမ်းမံခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာများကို ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ခုနစ်ခုဖွဲ့စည်း၍ ကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ကိုယ်စားလှယ်တည်းခိုဆောင်များတွင် ပစ္စည်း ၂၆ မျိုး ထောက်ပံ့ပေးထားပြီး စားသောက်ရေးအတွက်လည်း အကောင်းဆုံးစီမံပေးထားကြောင်း၊ သတင်းပို့သည့် နေ့ရက်မှ အစည်းအဝေး ကျင်းပသည့်နေ့အထိ လွှတ်တော်ဝင်းအတွင်း နေ့စဉ် နံနက်စာ၊ နေ့လယ်စာ၊ ညနေစာများ၊ ကျန်းမာရေးအခြေခံစစ်ဆေးမှုများကို ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားပြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာများကို မိတ်ဆက်ရှင်းလင်းတင်ပြသည်။

 

 ယင်းနောက် တာဝန်ရှိသူများက တတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ လွှတ်တော် ခန်းမတွင် ကိုယ်စားလှယ်များ နေရာချထားမှုနှင့် အဆောက်အအုံအတွင်းပါဝင်သော အခန်းဖွဲ့စည်းမှုများကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ သိရှိလိုသည်များကို ဆွေးနွေးဖြေကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး(ပထမနေ့) စတင်ကျင်းပမှု တိုက်ရိုက် ထုတ်လွှင့်ခြင်းကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)