ဗီယင်ကျန်း မတ် ၁၆
လာအိုအစိုးရသည် လောင်စာဆီချွေတာသည့်အနေဖြင့် ဝန်ထမ်းများအား နေအိမ်မှ လုပ်ငန်းဆောင်ရွက်ခြင်း၊ မျက်နှာစုံညီအစည်းအဝေးများ ကျင်းပခြင်းကို လျှော့ချခြင်း၊ လုပ်ငန်းများကို အဆိုင်းများဖြင့် တာဝန်ထမ်းဆောင်စေခြင်းနှင့် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး နည်းလမ်းများနှင့် လျှပ်စစ်ယာဉ်များသုံးစွဲခြင်းဆိုင်ရာ နည်းလမ်းများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လောင်စာဆီသုံးစွဲခြင်းကို လျှော့ချရန်၊ နိုင်ငံအတွင်း စီးပွားရေးတည်ငြိမ်မှုရှိစေရန်နှင့် လောင်စာဆီထောက်ပံ့ရေးကွင်းဆက်များအပေါ်တွင် အရှေ့အလယ်ပိုင်းပဋိပက္ခ၏ အကျိုးသက်ရောက်မှုများကို လျှော့ချရေးအတွက် နည်းလမ်းများ ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ မတ် ၁၃ ရက်တွင် ထုတ်ပြန်သည့်အမိန့်အရ သိရသည်။ ၎င်းအမိန့်အရ ဝန်ကြီးဌာနများအနေဖြင့် ဝန်ထမ်းများကို အလုပ်အဆိုင်းဖြင့် အလှည့်ကျတာဝန် ထမ်းဆောင်စေရန်၊ အွန်လိုင်းမှ အစည်းအဝေးများ ကျင်းပရန်၊ ကုန်ကျစရိတ်ချွေတာသည့် နည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လောင်စာဆီ သုံးစွဲမှုလျှော့ချရေးအတွက် မလိုအပ်ဘဲ ခရီးသွားလာခြင်းများကို လျှော့ချရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့ကြောင်း ဒေသခံမီဒီယာ Lao Phattana News က မတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြည်တွင်းသို့ လောင်စာဆီတင်သွင်းသူများနှင့် ဖြန့်ဖြူးရေးစခန်းများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက စစ်ဆေးဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံသားများအား လောင်စာဆီချွေတာရေးနှင့် လျှပ်စစ် ယာဉ် သုံးစွဲမှုမြှင့်တင်ရေး၊ လျှပ်စစ်ယာဉ်ဆိုင်ရာ အခြေခံအဆောက်အအုံများမြှင့်တင်ရေးနှင့် လျှပ်စစ်ယာဉ်သုံးစွဲမှုကို အားပေးသည့်မူဝါဒများကို ကျယ်ပြန့်စွာအကောင်အထည်ဖော်များကိုလည်း ၎င်းဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်သည်။ ရထားဘူတာရုံများနှင့် လေဆိပ်များတွင် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ မြှင့်တင်ရေးအတွက် ပြည်သူ့ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍတွင် အခက်အခဲများဖြစ်လာခြင်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုအပေါ်တွင် အကျိုးသက်ရောက်မှုများရှိလာခြင်းကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဆန်းစစ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်းရှိ လယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လောင်စာဆီသုံးစွဲမှုကို ချွေတာရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုကို မြှင့်တင်မည်ဖြစ်ကာ နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် အရန်စားရေရိက္ခာထူထောင်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောကြားသည်။ အစိုးရအနေဖြင့် လောင်စာဆီချွေတာရေး အသိပညာပေးလှုပ်ရှားမှုများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- စိုးသူရ


