ရန်ကုန် မတ် ၁၆

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များမှ လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များကို လိုက်လံကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့က လေဘေးသင့်နေအိမ် လေးလုံးပြိုကျမှုကို နေအိမ်တစ်လုံးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်း၊ အမိုးလန်နေအိမ် ၁၃ လုံးအား နေအိမ် တစ်လုံးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်း၊ လေဘေးသင့် အိမ်ထောင်စု ၁၇ စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်၊ ဆီနှစ်ပိဿာခွဲကိုလည်းကောင်း၊ သုံးခွမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကြက်ဥအလုံး ၃၀၀၊ ခေါက်ဆွဲခြောက်ထုပ် ၃၀၀ ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက လေဘေးသင့်နေအိမ် လေးလုံး ပြိုကျမှုကို နေအိမ်တစ်လုံးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါတစ်ပုံး၊ အမိုးလန် နေအိမ် ၁၃ လုံးအား နေအိမ်တစ်လုံးလျှင် ငွေကျပ် ၅၀၀၀ နှုန်းနှင့် လေဘေးသင့်ပြည်သူ ၆၂ ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေကျပ် ၅၀၀၀ နှုန်းဖြင့် ငွေကျပ် ၃၁၀၀၀၀ ကိုလည်းကောင်း ပေးအပ်ခဲ့ပြီး လေဘေးသင့်ပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများ၏ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒနှင့် သမိုင်းဘာသာရပ်များ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း သုံးခွမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ခရမ်း မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာထက်တန်းကျောင်း နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ သန်လျင်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒနှင့် သမိုင်းဘာသာရပ်များ ဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများ၏ မိဘများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ကျောင်းသား ကျောင်းသူများ စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် ကျောင်းပြင်ပများတွင် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျစောင့်ကြပ် ကြည့်ရှုပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)