လွိုင်ကော် မတ် ၁၆

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်နှင့် လွိုင်ကော် တက္ကသိုလ်တို့၌ ကျောင်သား ကျောင်းသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် စာစစ်ဌာနနှင့် လွိုင်ကော်တက္ကသိုလ် စာစစ်ဌာနတို့၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ အခက်အခဲမရှိ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်တွင် စာမေးပွဲဝင်ရောက် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ပေါင်း ၄၆၆ ဦးရှိပြီး စာမေးပွဲများကို ၂၀၂၆ ခုနှစ် မတ် ၁၆ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ လွိုင်ကော်တက္ကသိုလ်တွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း ၁၂၄ ဦးရှိပြီး စာမေးပွဲများကို ၂၄-၃-၂၀၂၆ ခုနှစ် မတ် ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဝင်များက သက်ဆိုင်ရာလုပ်ငန်းအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဖြည့်စွက်ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်