နေပြည်တော် မတ် ၁၆

 

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲများကို မတ် ၁၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲ ဖြေဆိုမှု ပဉ္စမနေ့တွင် သက်ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ရူပဗေဒ ဘာသာရပ်၊ သမိုင်းဘာသာရပ်၊ စက်မှုအတတ်ပညာ (မြေတိုင်း ပညာ၊ လျှပ်စစ်ဆိုင်ရာ စက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံ ကာကွယ်ရေး)နှင့် မွေးမြူရေး အတတ်ပညာ (ရေသတ္တဝါမွေးမြူ ရေးနှင့် ပျားမွေးမြူရေး) ဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။

 

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။

 

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြရာတွင် ရူပဗေဒ ဘာသာရပ်နှင့် သမိုင်းဘာသာရပ် တို့ကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ် စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာန အပါအဝင် စာစစ်ဌာန စုစုပေါင်း ၈၈၇ ခုတွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၆၄၉ ဦး (၉၄ ဒသမ ၇၅ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ စက်မှုအတတ်ပညာ (မြေတိုင်း ပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံ ကာကွယ်ရေး)နှင့် မွေးမြူရေး အတတ်ပညာ (ရေသတ္တဝါမွေးမြူ ရေးနှင့် ပျားမွေးမြူရေး) ဘာသာရပ် တို့ကို စာစစ်ဌာန ၅၃ ခုတွင် ဖြေဆိုသူ စုစုပေါင်း ၃၃၆၄ ဦး (၉၉ ဒသမ ၃၅ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း အသီးသီး ဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲ ဖြေဆိုနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 

အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို မတ် ၁၇ ရက် (အင်္ဂါနေ့)တွင် ဇီဝဗေဒဘာသာရပ် နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၁၈ ရက်အထိ ဆက်လက် ဖြေဆိုကြမည်ဖြစ် ကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ဖြေဆိုမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-

၁။ ဒဂုံမြို့နယ်မှာရှိတဲ့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ကောင်းစုံ(ကိုယ်ပိုင် အထက်တန်းကျောင်း)နှင့် ပြင်ပ ဖြေများ ဝင်ရောက်ဖြေဆိုပြီးတော့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းက အကြားအာရုံ မသန်စွမ်းသူ လေးဦး ဝင်ရောက် ဖြေဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ စာအုပ်ပါ ညွှန်ကြားချက်အရ တစ်ခန်းလျှင် စာဖြေသူဦးရေ ၃၀ နဲ့ စာဖြေခန်း ၁၆ ခန်း၊ အကြားအာရုံမသန်စွမ်းသူ လေးဦးအတွက်တော့ စာဖြေခန်း သီးသန့်တစ်ခန်းထားပြီးတော့ စုစုပေါင်းစာဖြေခန်း ၁၆ ခန်းနဲ့ ဖြေဆိုတာဖြစ်ပါတယ်။

 

ကျန်းမာရေးဦးစီးဌာနနဲ့ လုံခြုံရေးအတွက် ဒဂုံမြို့နယ် စခန်းမှူးရဲ့ဦးဆောင်မှုနဲ့ ကျွန်မတို့ရဲ့ လုံခြုံရေး၊ ကျန်းမာရေးတွေကိုလည်း ကလေးတွေ အဆင်ပြေ ချောမွေ့အောင် အေးအေးချမ်းချမ်းနဲ့ ဖြေဆိုနိုင်အောင် စီမံထားပါတယ်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြမယ့် သားတို့သမီးတို့ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီးတော့ မိမိဖြေဆိုရမယ့် ဘာသာရပ် အားလုံးကို အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။

 

၂။ ဒီနေ့ ဖြေတာဆိုလို့ရှိရင် ငါးရက်ရှိသွားပါပြီ။ ဒီနေ့ ရူပဗေဒ ဘာသာရပ်ကို ဖြေခဲ့တာပါ။ ကျွန်မ စာတွေကို ကောင်းကောင်း မွန်မွန်ကျက်ခဲ့ရတယ်။ တွက်ခဲ့ရတယ်။ ညမအိပ် နေ့မအိပ်ဘဲ စာတွေလုပ်ခဲ့ရတယ်။ ဒီနေ့ဖြေခဲ့တဲ့ ဘာသာရပ်ကို အားရကျေနပ်မှု ရှိပါတယ်။

 

သတင်းစဉ်