နေပြည်တော် မတ် ၁၇

 

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကိုရီးယားနိုင်ငံ KK Media Co.,Ltd တို့ ပူးပေါင်း၍ “အားလုံးကို ကျော်ဖြတ်ကြမယ် (All Pass) လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲကို မတ် ၁၇ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ(၁)တွင် ရိုက်ကူးရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ နာမည်ကျော် ကိုရီးယား ဒါရိုက်တာ- ရှင်ကီဝန်း ဦးဆောင်၍ ကိုရီးယားသရုပ်ဆောင် ၁၃ ဦး၊ မြန်မာသရုပ်ဆောင် ၁၁ ဦးတို့ဖြင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာများတွင် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လကုန်အထိ ရိုက်ကူးရေး ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့ နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် သထုံလမ်းရှိ နိုင်ငံခြားဘာသာ တက္ကသိုလ် အဆောက်အအုံတို့တွင်လည်း ရိုက်ကူးခဲ့ပြီးဖြစ်သည်။

 

ထုတ်လွှင့်ပြသ

အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို မြန်မာ-ကိုရီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၅၀)ပြည့်ကာလကို ဂုဏ်ပြုသောအားဖြင့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်၊ လူငယ်များ အတွေးအခေါ်မှန်ကန်ပြီး ဘဝအောင်မြင်ရေးအတွက် အရည်အချင်း တိုးမြင့်လာစေရန်နှင့် စိတ်ခွန်အားပေးနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် ရိုက်ကူးခြင်းဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ကိုရီးယားနိုင်ငံ IHQ Channel တို့တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်