ရန်ကုန် မတ် ၁၇
ပြည်တွင်းထုတ်ကုန်များကို အွန်လိုင်းမှ ဝယ်ယူရောင်းချနိုင်အောင် ပြုလုပ်ထားသည့် G3G Application ကို အသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စားသုံးဆီများကို Door-to-Door စနစ်ဖြင့် အလွယ်တကူ ဝယ်ယူနိုင်ပြီဖြစ်သည်။
ကျင်းပ
အဆိုပါ G3G Application ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များသို့ စားသုံးဆီ တရားဝင် ဖြန့်ဖြူးရေးနှင့်ပတ်သက်သည့် မိတ်ဆက်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဦးစွာ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးတင်မိုးအောင်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်နှင့် Golden Gate Global Myanmar Pte., Ltd. (G3G Application) မှ CEO ဒေါ်အိအိချောစုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်က အမှာစကားပြောကြားပြီး G3G Application ၏ Head Of IT ဦးစွမ်းထက်အောင်က G3G Application အကြောင်း ရှင်းလင်းတင်ပြသည်။
G3G Application ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူ မည်သူမဆို အသုံးပြုနိုင်ပြီး ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ မြန်မာ MSME ထုတ်ကုန်များကို Local နှင့် Global အသုံးပြုသူများနှင့် ချိတ်ဆက်ပေးခြင်းဖြင့် စီးပွားရေး တိုးတက်မှုကို အားပေးမြှင့်တင်ရန် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)


