ဗီယင်ကျန်း မတ် ၁၇
လာအိုနိုင်ငံ၌ လောင်စာဆီဈေးနှုန်းများ တည်ငြိမ်ရေးအတွက် လောင်စာဆီဆိုင်ရာအခွန်များကို လျှော့ချရေးအစီအစဉ်နှင့် လောင်စာဆီဈေးနှုန်း ကျဆင်းရေးလုပ်ငန်းဆိုင်ရာ အထောက်အကူပြု ရန်ပုံငွေများ သတ်မှတ်မည့်အစီအစဉ်များကို အစိုးရက အတည်ပြုခဲ့ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးကွက်မတည်ငြိမ်မှုနှင့် ဈေးနှုန်းများ မြင့်တက်ခြင်းအပေါ် လောင်စာဆီသုံးစွဲသူများအတွက် ကုန်ကျစရိတ်များလျှော့ချရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ မတ် ၁၆ ရက်တွင် ကျင်းပခဲ့သည့် လောင်စာဆီနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များဆိုင်ရာ ညှိုနှိုင်းအစည်းအဝေးတွင် ယခုဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြောင်း လာအိုအမျိုးသားရေဒီယိုက မတ် ၁၇ ရက်တွင် ပြောကြားသည်။
၎င်းအစည်းအဝေးတွင် ပြည်တွင်းသို့ လောင်စာဆီတင်သွင်းသူများနှင့် ဖြန့်ဖြူးသူများက လောင်စာဆီဖြန့်ဖြူးရေး ကွင်းဆက်များ တည်ငြိမ်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ကို အတည်ပြုခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ကျေးလက်ဒေသများအထိ လောင်စာဆီရရှိရေးအတွက် လောင်စာဆီဖြန့်ဖြူးရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


