၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ   ပြီးဆုံးတော့မည်ဖြစ်ပြီး  နောက်ဆုံးပွဲစဉ်နှင့်အတူ  ချန်ပီယံဆုအဆုံးအဖြတ်ပွဲကို မတ်  ၁၈  ရက်  ညနေ  ၃  နာရီခွဲတွင် တစ်ချိန် တည်းကျင်းပမည်ဖြစ်ပြီး  ချန်ပီယံဆုကို  ရှမ်းယူနိုက်တက်အသင်း ထပ်မံရယူနိုင်မလား၊ ရန်ကုန်ယူနိုက်တက်အသင်း တစ်ကျော့ ပြန်ဗိုလ်စွဲမလား  အဖြေထုတ်ပေးမည်ဖြစ်သည်။

ချန်ပီယံဆုအတွက် တစ်မှတ်အကွာဖြစ်နေသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့်  ရန်ကုန်ယူနိုက်တက်အသင်းတို့ အပြိုင်ဖြစ်နေပြီး ရှမ်းယူနိုက်တက်အသင်းက ၅၅  မှတ်၊  ရန်ကုန်ယူနိုက်တက်အသင်းက ၅၄  မှတ်ရရှိထားသည်။ တစ်မှတ်အသာရထားသည့် ရှမ်းယူနိုက်တက်အသင်းသည် ချန်ပီယံအိပ်မက်ကို ကိုယ်တိုင်အကောင်အထည်ဖော်ခွင့်ရှိနေပြီး  အနိုင်ကစားရုံဖြင့်  ချန်ပီယံဖြစ်မည်ဖြစ်ပြီး  ရန်ကုန်ယူနိုက်တက်အသင်းမှာမူ အနိုင်ရရန်အပြင် ရှမ်းယူနိုက်တက်အသင်း  ခြေချော်မှသာ မျှော်လင့်နိုင်မည်ဖြစ်သည်။

နောက်ဆုံးပွဲအဖြစ် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် ထပ်မံဗိုလ်စွဲပါက  စံချိန်တင်အောင်မြင်မှု များ ထပ်မံရယူနိုင်မည်ဖြစ်ပြီး အအောင်မြင်ဆုံး ဂုဏ်ပုဒ်၊ ရာပြည့်ရှုံးပွဲမရှိစံချိန်၊ တစ်ရာသီလုံးရှုံးပွဲမရှိ စံချိန်များပိုင်ဆိုင်မည်ဖြစ်သည်။ နိုင်ပွဲရယူပြီး ချန်ပီယံဆုရယူနိုင်ပါက ပွဲ ၁၀၀ ပြည့် ရာပြည့်ရှုံးပွဲမရှိ စံချိန်နှင့်အတူ သမိုင်းတွင်မည့် အောင်မြင်မှုတစ်ခု ထပ်မံရယူနိုင်မည်ဖြစ်သည်။  ထို့ပြင်  စံချိန်တင် အောင်မြင်မှုများစွာ ပိုင်ဆိုင်ခွင့်ရမည်ဖြစ်ပြီး MNL  အမှတ်ပေးချန်ပီယံဆုကို အကြိမ်အများဆုံးအဖြစ် ခုနစ်ကြိမ်မြောက်နှင့် ခြောက်ရာသီဆက်တိုက် ရရှိမည်ဖြစ်သည်။ ရှမ်းပြည်နယ်ဂုဏ်ဆောင် ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိ MNL ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ယခုရာသီတွင်သာ ထပ်မံဗိုလ်စွဲပါက သမိုင်းသစ်ထပ်မံရေးထိုးနိုင်မည်ဖြစ်သည်။  ထို့ပြင်  ယခုရာသီတွင် တစ်ရာသီလုံး   ရှုံးပွဲမရှိပါက  တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့်  အမှတ်ပေးချန်ပီယံဆုကို ငါးကြိမ်မြောက်နှင့် နောက်ဆုံးလေးရာသီ ဆက်တိုက်ရယူနိုင်မည့် စံချိန်သစ်လည်း ထပ်မံပိုင်ဆိုင်မည်ဖြစ်သည်။  ရန်ကုန်ယူနိုက်တက်အသင်းမှာမူ ချန်ပီယံဆုမျှော်လင့်ချက်အတွက် နောက်ဆုံးပွဲတွင်အနိုင်ရရန် လိုအပ်သလို ရှမ်းယူနိုက်တက်အသင်း ခြေချော်မှသာ မျှော်လင့်နိုင်မည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၈ ရာသီတွင် MNL အမှတ်ပေးချန်ပီယံဆု ရယူပြီးနောက် နောက်ဆုံးငါးရာသီဆက်တိုက် ချန်ပီယံဆုနှင့် ဝေးကွာလျက်ရှိသည်။ ယခင်က MNL ပြိုင်ပွဲ၏ အအောင်မြင်ဆုံးဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့ဖူးသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ရာသီ တွင် ရှမ်းယူနိုက်တက်အသင်းအား အအောင်မြင်ဆုံးဂုဏ်ပုဒ်ကို လွှဲပြောင်းပေးခဲ့ရခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ချန်ပီယံမျှော်လင့်ချက်အတွက် ရှမ်းယူနိုက်တက်အသင်းထက် အခွင့်အရေးနည်းသော်လည်း ချန်ပီယံအိပ်မက် ရှင်သန်နေသေးရာ ၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးချန်ပီယံအသင်းကို မည်သည့်အသင်း  ဆွတ်ခူးမလဲဆိုတာ  မတ် ၁၈ ရက်တွင် အဖြေထွက်ပေါ်မည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်