လွိုင်ကော် မတ် ၁၇
ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အကြို မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့တွင် ကယားပြည်နယ်လွှတ်တော်ရုံးရေးရာ ကော်မတီများခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဆောက်အအုံများ ပြုပြင်မွမ်းမံရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာများကို ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး အဆင်ပြေချောမွေ့စေရေးအတွက်လည်း အကောင်းဆုံးစီမံထားရှိကြောင်း၊ လွှတ်တော်အစည်းအဝေးများ ကျင်းပချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ စိတ်အေးချမ်းသာစွာ တက်ရောက်နိုင်ရေး၊ လိုအပ်ချက်မရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ကြသည်။
ယင်းနောက် တတိယအကြိမ် ကယားပြည်နယ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သဘာပတိတင်မြှောက်ခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တင်မြှောက်ခြင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌတင်မြှောက်ခြင်းကို လွှတ်တော်ရုံးဝန်ထမ်းများဖြင့် Role Play သရုပ်ပြ ဆောင်ရွက်ထားသည့် Video Clip ကို ပြသသည်။
ဆက်လက်၍ ကယားပြည်နယ်လွှတ်တော်အကြောင်း သိကောင်းစရာများနှင့် လွှတ်တော်အစည်းအဝေးနှင့် စပ်လျဉ်းသည့်အချက်များကို ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ ဥပဒေအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်နယ်ဥပဒေအရာရှိ ဦးကျော်မင်းနိုင်က လည်းကောင်း၊ ပြည်နယ်ဘဏ္ဍာငွေဆိုင်ရာများနှင့် ပတ်သက်၍ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လည်းကောင်း ရှင်းလင်းတင်ပြကြရာ ရွေးချယ်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးကြသည်။
ပြည်နယ်(ပြန်/ဆက်)


