အင်ဒီးယန်းဝဲလ်စ် အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ကမ္ဘာ့နံပါတ်တစ် ဘယ်လာရုစ်တင်းနစ်မယ် အရွိုင်နာ ဆာဘယ်လင်ကာက ကာဇက်စတန်နာမည်ကြီး တင်းနစ်မယ် အီလန်နာ ရွိုင်ဘာကီနာကို ၃-၆၊ ၆-၃၊ ၇-၆ (၈-၆) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ပထမဆုံးအကြိမ် ဆွတ်ခူး နိုင်ခဲ့သည်။
ဆာဘယ်လင်ကာသည် ရွိုင်ဘာကီနာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ကာလရှည်မျှော်လင့်စောင့်စားခဲ့ရသည့် အင်ဒီးယန်းဝဲလ်စ် အိုးပင်းဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ဆာဘယ်လင်ကာသည် ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သည့် အင်ဒီးယန်းဝဲလ်စ်အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရွိုင်ဘာကီနာနှင့် ထိပ်တိုက်တွေ့ဆုံထားပြီး ၇-၆၊ ၆-၄ ရလဒ်ဖြင့် ရှုံးနိမ့်ကာ ဖလားဆွတ်ခူးခွင့် လွဲချော်ထားသူဖြစ်သည်။
ဆာဘယ်လင်ကာသည် ဇန်နဝါရီလက ကျင်းပခဲ့သည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင်လည်း ရွိုင်ဘာကီနာကို ၄-၆၊ ၆-၄၊ ၄-၆ ရလဒ်ဖြင့် ရှုံးနိမ့်ကာ ဖလားဆွတ်ခူးခွင့် လွဲချော်ထားသည်။ ထို့ပြင် ဆာဘယ်လင်ကာသည် ယမန်နှစ် အင်ဒီးယန်းဝဲလ်စ်အိုးပင်း ဗိုလ်လုပွဲတွင်လည်း ပြိုင်ဘက် ရုရှားတင်းနစ်မယ် မေရာအန်ဒရေဗာကို ၆-၂၊ ၄-၆၊ ၃-၆ ရလဒ်ဖြင့် ရှုံးနိမ့်ကာ ဖလားဆွတ်ခူးခွင့် လွဲချော်ထားသည်။
သို့သော်လည်း ဆာဘယ်လင်ကာသည် ယခုအကြိမ်တွေ့ဆုံသည့် ဗိုလ်လုပွဲတွင် ရွိုင်ဘာကီနာကို ကျော်ဖြတ်ကာ အင်ဒီးယန်းဝဲလ်စ် အိုးပင်းဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ရွိုင်ဘာကီနာသည် ပြိုင်ပွဲတစ်လျှောက်တွင် ဘက်တစ်စတေး၊ ကော့စတစ်၊ ကာတဲလ်၊ ပဲဂူလာ၊ စဗစ်တိုလီနာ စသည့် နာမည်ကြီး တင်းနစ်မယ်များကို အဆင့်ဆင့်ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သော်လည်း ဆာဘယ်လင်ကာကို ရှုံးနိမ့်ခဲ့သည့်အတွက် ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့ရသည်။ ဆာဘယ်လင်ကာနှင့် ရွိုင်ဘာကီနာတို့သည် မကြာမီကျင်းပတော့မည့် မိုင်ယာမီအိုးပင်းပြိုင်ပွဲတွင်လည်း ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
နိုင်ပွဲရရှိကာ ဖလားဆွတ်ခူး
အင်ဒီးယန်းဝဲလ်စ်အိုးပင်းအမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲတွင် ကမ္ဘာ့နံပါတ်(၂) အီတလီတင်းနစ် အကျော်အမော် ဂျန်းနစ်ခ်ဆင်းနားက ရုရှားတင်းနစ်ကစားသမား ဒန်နီယေးလ် မက်ဗီဒက်ဗ်ကို ၇-၆ (၈-၆)၊ ၇-၆ (၇-၄) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။
အောင်ဇော်


