ချမ်းအေးသာစံ မတ် ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ချမ်းအေးသာစံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားကာ မန္တလေးတိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးက မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစံလင်းက မသန်စွမ်းသူများအတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)


