ရန်ကုန် မတ် ၁၈
၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှစတင် ကျင်းပခဲ့ရာ ယနေ့တွင် စက်မှုအတတ်ပညာဘာသာတွဲကို နောက်ဆုံးနေ့အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနလေးခု၌ ကျောင်းသား ကျောင်းသူ ၂၄၃ ဦး ဖြေဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ ဒဂုံ(တောင်)မြို့နယ်နှင့် တွံတေးမြို့နယ်တို့ရှိ စာစစ်ဌာနလေးခု၌ စက်မှုအတတ်ပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတွင် စက်မှုအတတ်ပညာအနေဖြင့် မြို့ပြပုံ ဆွဲ၊ အခြေခံပရိုဂရမ်မိတ်ဆက်နှင့် စက်မှုပုံဆွဲ ဘာသာရပ်များကို ကျောင်းသား ၁၆၃ ဦး၊ ကျောင်းသူ ၈၀ စုစုပေါင်းကျောင်းသား ကျောင်းသူ ၂၄၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
“စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို ပထမဆုံးအကြိမ် ကျင်းပတာပါ။ ရန်ကုန်တိုင်းဒေသကြီးက ကျောင်းသား ကျောင်းသူ ၂၄၃ ဦးဟာ စတင်ဖြေဆိုချိန်မှစပြီး ယနေ့ နောက်ဆုံးဘာသာ ဖြေဆိုတဲ့အထိ ပျက်ကွက်သူမရှိဘဲ ရာနှုန်းပြည့် ဖြေဆိုခဲ့တာကိုတွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဟာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲမှာ အများဆုံးဖြေဆိုတဲ့ တိုင်းဒေသကြီးဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေ ကြိုးစားအားထုတ်မှု အားကောင်းခဲ့တာကြောင့် အောင်မြင်သွားတဲ့အခါမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတက္ကသိုလ်မှာ တက်ရောက်ခွင့်ရမှာဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ မြန်မာနိုင်ငံအတွက်လည်း ကျွမ်းကျင်ပညာရှင်တွေ ပေါ်ထွန်းလာမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဦး(ပညာ)က ပြောသည်။
၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုတွင် စက်မှုအတတ်ပညာအနေဖြင့် အဆောက်အဦ၊ လျှပ်စစ်၊ စက်ပစ္စည်း အထူးပြုဘာသာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပေါင်းစပ်သိပ္ပံ၊ မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာ စက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ၊ လက်သမား အတတ်ပညာနှင့် သစ်သားလုပ်ငန်း၊ စက်မှုလုပ်ငန်း သုံးလျှပ်စစ်မော်တာထိန်းချုပ်မှု၊ စက်ခုတ်စားမှု နည်းပညာ၊ မြို့ပြမြေပုံဆွဲ၊ အခြေခံပရိုဂရမ်မိတ်ဆက် နှင့် စက်မှုပုံဆွဲဘာသာများကိုလည်းကောင်း၊ စိုက်ပျိုးရေးအတတ်ပညာအနေဖြင့် မြန်မာစာ၊ သီးနှံထုတ်လုပ်ရေး(၁)(၂)(၃)၊ သီးနှံကာကွယ်ရေးနှင့် လူမှုရေးသိပ္ပံဘာသာရပ်များကို လည်းကောင်း၊ မွေးမြူရေးအတတ်ပညာအနေဖြင့် မြန်မာစာ၊ ကြက်မွေးမြူထုတ်လုပ်ရေး၊ ဝက်မွေးမြူထုတ်လုပ်ရေး၊ ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး၊ စားမြုံ့ပြန်သတ္တဝါ မွေးမြူထုတ်လုပ်ရေးဘာသာရပ်များကို လည်းကောင်း ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)


