နေပြည်တော် မတ် ၁၈
“လူကုန်ကူးမှုများနှင့် ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်း စဉ်အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပသည်။
ဖွင့်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် International Justice Mission- IJM(Myanmar) မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက လူကုန်ကူးခံရသူအဖြစ် စိစစ်သတ်မှတ်ခြင်း၊ လုပ်ငန်းစဉ်မှစ၍ လွှဲပြောင်းလက်ခံခြင်း၊ လက်ခံ စောင့်ရှောက်ခြင်း၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းပေးခြင်းနှင့် ပြန်လည် ထူထောင်ပေးခြင်းတို့ကို အစိုးရ ဌာနများ၊ အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူ ဗဟိုပြု ချဉ်းကပ်မှုပုံစံဖြင့် တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ တရားစီရင်ရေး စနစ်တွင် လူကုန်ကူးခံရသူများက ပူးပေါင်းဆောင်ရွက်လာစေရန်၊ လူကုန်ကူးမှုများနှင့် စပ်လျဉ်း သည့် တရားစွဲဆိုရေး လုပ်ငန်းစဉ်များ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ်အတွင်း ဆောင်ရွက်ပေးရမည့် ကာကွယ်စောင့်ရှောက်မှု အစီအမံများ၊ ဥပဒေနှင့်အညီ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို သိရှိစေရန် စသည့် လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအပါအဝင် တာဝန်ရှိဌာန အသီးသီးက မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းပါ လုပ်ငန်း စီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ပေးခြင်းဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် သဘောတူစာချုပ်များပါ အခွင့်အရေးကာကွယ် စောင့်ရှောက်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေနှင့် တရားစီရင်ရေး လုပ်ငန်းစဉ်များ အရ ဆောင်ရွက်ရန်နှင့် ရှောင်ကြဉ် ရန်များကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းမှရရှိ သည့် အသိပညာဗဟုသုတများကို လက်တွေ့ လုပ်ငန်းဆောင်ရွက်ရာတွင် ပြန်လည်အသုံးချသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
သင်တန်းသို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ သင်တန်းသား သင်တန်းသူ ၃၀ ဖြင့် မတ် ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


