ရန်ကုန် မတ် ၁၈
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်ရှိ မဟာဗုဒ္ဓဝင်ပြခန်း၌ ကျင်းပသည်။
ဖွင့်ပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မစကူး(လ်)ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဒွိပိဋကဓရ ဘဒ္ဒန္တ သိရီကဉ္စန ကြွရောက်တော်မူပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့ဝင်များ၊ ရုံးအဖွဲ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မစကူး(လ်)ဖောင်ဒေးရှင်း (ဗဟို)မှ သင်တန်း ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးအောင်ဇေယျလင်းက အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မစကူး(လ်)ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က သင်တန်းဖွင့် ဩဝါဒအမှာစကား မိန့်ကြားသည်။
အဆိုပါသင်တန်းသို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူ ၅၁ ဦးတက်ရောက်ကြပြီး သင်တန်းကို မတ် ၁၈ ရက်မှ ၃ဝ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


