တောင်ကြီး မတ် ၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)က ပူးပေါင်းဖွင့်လှစ်သည့် Teaching Assistant(TA)၊ Language Teacher(LT)နှင့် အစိုးရစာသင်ကျောင်းများတွင် သင်ကြားနေသည့် ပအိုဝ်းဆရာ ဆရာမများမွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း(ဒဲဉ်သီးဗွေ)၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင် ဒေသအသီးသီးမှ ပအိုဝ်းတိုင်းရင်းသား ဘာသာစာပေသင်ဆရာ ဆရာမများ စုစုပေါင်း ၂၀၀ အား သင်တန်းများပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းကို တက်ရောက်မည့် ဆရာ ဆရာမများအနေဖြင့် သင်တန်းကာလပြီးစီး၍ မိမိတို့အရပ်ဒေသပြန်လည် ရောက်ရှိသည့်အချိန်တွင် သင်တန်းမှပို့ချသည့် သင်ခန်းစာများ၊ အသိပညာ၊ ဗဟုသုတများကို မျိုးဆက်သစ်လူငယ်များထံ ပြန်လည်မျှဝေနိုင်ရေးအတွက် ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နှစ်စဉ်ဘဏ္ဍာရေး နှစ်အလိုက် ထောက်ပံ့ပေးခဲ့သည့် ရန်ပုံငွေများကို မိမိတို့ ပအိုဝ်းတိုင်းရင်းသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် ရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၊ စာပေဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ပအိုဝ်းတိုင်းရင်းသားဘာသာစာပေ အထောက်အကူပြု Teaching Assistant (TA) နှင့်Language Teacher (LT)ဆရာ ဆရာမများမွမ်းမံသင်တန်းသို့ တက်ရောက်ကြသော သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြမှ သင်ကြားပြသသည့်အချိန်တွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြပြီး တာဝန်ရှိသူများ အနေဖြင့် ယခုဖွင့်လှစ်သည့် သင်တန်းကို အောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက်ထောက်ပံ့ငွေကျပ် ၁၄၃ သိန်းကို ပေးအပ်ရာ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုက လက်ခံရယူသည်။
ယင်းနောက် ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့(ဗဟို) ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပအိုဝ်းစာပေသင်ရိုးညွှန်းတမ်း ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ဖတ်စာအုပ်များကို ကြည့်ရှုကြပြီး အခမ်းအနားတက်ရောက်လာသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


