မော်လမြိုင် မတ် ၁၈

 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

 

ရှင်းလင်းပြောကြား

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေး၊ ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ရှင်သန်စေရေး၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း အပြည့်အဝ ခံစားရရှိစေရေး၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှု အမွေအနှစ်နှင့် ရိုးရာဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားဘာသာစာပေ သင်ကြားရေးအထောက်အကူပြု ဆရာ ဆရာမများနှင့် တိုင်းရင်းသားစာပေ သင်ဆရာ ဆရာမများအား လစာတိုးမြှင့်ပေးရေးနှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဖြည့်စွက်ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန မုဒုံမြို့အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူးက လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ပို့ချမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး သင်တန်းကျောင်း ဝန်ထမ်းများနှင့် သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ကာ သင်တန်းသူအိပ်ဆောင်၊ သင်တန်းခန်းမ၊ မော်တာဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို တိကျစွာ လိုက်နာ၍ အဂတိတရား ကင်းရှင်းစွာဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားကြရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ မူဝါဒ (၄) ရပ်ဖြစ်သည့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများဖွံ့ဖြိုး တိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စသည့်မူဝါဒများနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်