ရန်ကုန် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ရှင်စောပုကျောင်းတိုက်၌ တည်ထားကိုးကွယ်သော ရှင်စောပုစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိနှင့်ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး အလှူရှင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် အလှူရှင် လူမှုရေးရာဝန်ကြီးနှင့် မိသားစုတို့က စေတီတော်တွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရားတော်များ နာယူကာ လှူဒါန်းမှုအစုစုတို့တွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် ကပ်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား စေတီတော်ရင်ပြင်တွင် လှည့်လည်အပူဇော်ခံပြီးစေတီတော်တွင် တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


