ရေတာရှည် မတ် ၁၈

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှဆောင်ရွက်သည့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေးသင်တန်း(၁ /၂၀၂၆)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်းခန်းမ၌ ကျင်းပသည်။

 

အဆိုပါသင်တန်းဖွင့်ပွဲတွင် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမြတ်မင်းထွေးက သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများကို ဂရုတစိုက်လေ့လာသင်ယူကြရန် ဆွေးနွေးပြောကြားသည်။

 

ထို့နောက်သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို တောင်ငူခရိုင်အတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ တောင်သူ ၄၀ တက်ရောက်ကာ သင်တန်းကာလမှာ သုံးရက်ကြာမြင့်မည်ဖြစ်သည်။

 

ဆက်လက်၍ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ရေတာရှည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူ ဦးလင်း၏ ကွင်း၌ နွေစပါးအထွက်ပန်းတိုင်ကျော်လွန်စေရန် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)