ရန်ကုန် မတ် ၁၈

 

အလယ်အလတ်အဆင့်အရာ ထမ်းသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးစိုးတင့်က နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားအတွင်း အခြေခံကျသည့် လုပ်ငန်းတာဝန်များကို နှစ်ကာလ အတိုင်းအတာတစ်ခုအထိ တာဝန်ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည့်အတွက် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံရှိပြီးသူများဖြစ်၍ မိမိတို့၏ဉာဏ်ပညာဖြင့် ယှဉ်တွဲကာ ပေးအပ်သည့်တာဝန်များကို မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်တတ်ကြရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်ကြသူများမှာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆောင်ပုဒ်အတိုင်း ဝန်ထမ်းအရည်အချင်း၊ အရည်အသွေး ပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်နှင့်ပြည်သူကို တာဝန်ကျေပွန်စွာ အလုပ်အကျွေးပြုကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ပြီး တိုင်းချစ်၊ ပြည်ချစ်စိတ်ရှိသည့် ဝန်ထမ်းများဖြစ်ရန် လိုအပ်ပြီး ပေးအပ်ထားသည့်လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ပိုင်နိုင်ကျွမ်းကျင်စွာ ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး ဝန်ထမ်းစည်း မျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များအပြင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး (၃၀)ကို စံပြအဖြစ် ကိုယ်တိုင်လိုက်နာရန်သာမက လက်အောက်ဝန်ထမ်းများ လိုက်နာကျင့်သုံးကြစေရေး လမ်းညွှန်ပေးကြရန် မှာကြားသည်။

 

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်သည် ကိုးနဝင်းဆုတောင်းပြည့် စေတီတော်၏ ဗုဒ္ဓပူဇနိယ အနေကဇာ တင်အခမ်းအနား၊ ပဋ္ဌာန်းသိမ်း အောင်ပွဲအခမ်းအနားတို့ကို တက်ရောက်သည်။

 

ကြည့်ရှုစစ်ဆေး

ထို့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်သည် တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး လိုက်နာဆောင်ရွက်ရန် မှာကြားကာ တက္ကသိုလ်၏ ကြက်၊ ဝက် မွေးမြူရေးလုပ်ငန်းများနှင့် မီးဖိုချောင်သုံး သီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါသင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်ပြီး သင်တန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်အထိ သင်တန်းသား ၄၈ ဦး၊ သင်တန်းသူ ၄၄ ဦး စုစုပေါင်း ၉၂ ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်