တိုက်ကြီး  မတ်  ၁၉

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ တဘူးလှရေလှောင်တမံ၏ တဘူးလှ ရေလွှဲဆည်မှတစ်ဆင့် တိုက်ကြီးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧကများအတွက် ဆည်ရေများ ပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

 

တဘူးလှရေလှောင်တမံသည် ဥက္ကံမြို့၏အရှေ့မြောက်ဘက် ၁၉ မိုင်ခန့်အကွာ ကုန်းပေါ်စုကျေးရွာ၏ မြောက်ဘက် ဥက္ကံချောင်းပေါ်တွင်တည်ရှိသည့် မြေသားတမံ အမျိုးအစားဖြစ်ပြီး တမံအလျား ၁၃၀၅ ပေ၊ တမံအမြင့် ၉၅ ပေ၊ ကန်ရေပြည့်ရေလှောင်ပမာဏ ၁၉၄၆၀၀ ဧကပေထိ သိုလှောင်ထားနိုင်ကာ ကန်ရေပြည့် ရေပြင်ကျယ်ဧရိယာ ၇၈၀၀ ဧက ကျယ်ဝန်းသည်။ ရေထုတ်ပနြွ်မှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး အလျား ၆၀၀ ပေ ရှည်လျား၍ ရေတံခါး ၆ ပေ ၄ ပေ သုံးပေါက်မှ တမံ၏အောက်ဖက် ၁၁ မိုင်ခန့်အကွာရှိ တဘူးလှရေလွှဲဆည်သို့ ဆည်ရေပို့လွှတ်လျက်ရှိကြောင်း သိရသည်။

 

စိုက်ပျိုးရေလိုအပ်ချိန်တွင် လယ်ယာမြေများသို့ စနစ်တကျ ရောက်ရှိနိုင်ရေးအတွက် ရေမြောင်း ပြုပြင်ခြင်း၊ ရေအလေအလွင့်ဆုံးရှုံးမှု နည်းပါးစေရေး လိုင်နင်စီခြင်း၊ မြောင်းအတွင်း ပိတ်ဆို့နေသော ချုံနွယ်၊ အမှိုက်၊ ဒိုက်၊ သဲနုန်းများအား နွေစပါးရေပေးရာသီမတိုင်မီ ခုတ်ထွင်ရှင်းလင်းခြင်း၊ သဲနုန်းဆယ်ခြင်း၊ မြေသားမြောင်းဘောင်များ ပြုပြင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေး လျက်ရှိသည်။

 

တဘူးလှရေလှောင်တမံမှ ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးစိုက်ဧကများအတွက် ဆည်ရေကို ဇန်နဝါရီ ၁ ရက်မှ စတင်ရေပေးဝေလျက်ရှိပြီး ၂၀၂၅-၂၀၂၆ နွေစပါးရာသီတွင် နွေစပါး ၂၉၉၄၉ ဧက လျာထားခဲ့ရာ ယခုနှစ်တွင် တဘူးလှရေလှောင်တမံ၏ ဆည်ရေသောက်ဧရိယာအတွင်း နွေစပါး ၂၉၉၅၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)