နမ့်ခမ်း ၂၂ မတ်
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကျင်းပဖွင့်လှစ်သော တအာင်း(ပလောင်)စာပေနည်းပြအဖြစ် မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလက(၃) ဟိုနောင်ကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲကို နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နာယက ဦထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ ယခုဖွင့်လှစ်သည့် သင်တန်းကို တက်မြောက်အောင်မြင်ပြီးသူများမှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေသင်ကြားရန် ခေါ်ယူမည့် တိုင်းရင်းသားစာပေနည်းပြအဖြစ် သင်ကြားပေးနိုင်ရန်နှင့် တအာင်း(ပလောင်)လူငယ်လူရွယ်များမှ တအာင်း(ပလောင်)စာပေများ တက်မြောက်ထားရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တအာင်း(ပလောင်)စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးလှအောင်က သင်တန်းဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းပြောကြားသည်။
သင်တန်းကို မတ် ၂၂ ရက်မှ ဧပြီ ၄ ရက်နေ့အထိ (၁၅)ရက်ကြာ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး နမ့်ခမ်းမြို့နယ်အတွင်းရှိ တအာင်း(ပလောင်) တိုင်းရင်းသား တိုင်းရင်းသူ လူငယ်လူရွယ်များ ၂၅၀ ခန့် လာရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ နမ့်ခမ်းမြို့နယ်၊ တအာင်း(ပလောင်)စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူ များ၊ မြို့မိဖြို့ဖများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN
