မြစ်ကြီးနား မတ် ၁၉

 

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့သည့် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း (ဗလမင်းထင်-နန့်မြစ်ခ) လမ်းပိုင်း ကတ္တရာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့တွင် ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာရှိ အဆိုပါလမ်းသစ်၌ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် မန္တလေး-လားရှိုး- ဗန်းမော်-မြစ်ကြီးနားလမ်း (ဗလမင်းထင်-နန့်မြစ်ခ) လမ်းပိုင်းသည် ဝိုင်းမော်မှ မြစ်ကြီးနားသို့ ယာဉ်အများဆုံးသွားလာသည့် လမ်းပိုင်းတစ်ခုဖြစ်သည့်အတွက် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်ပြီး ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ယနေ့ဖွင့်လှစ်သည့် လမ်းပိုင်းအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ နောင်တာလောကျေးရွာနေ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တပ်နယ်မှူး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့က လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖြတ်သန်းကြည့်ရှုသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည့် ဗန်းမော်ခရိုင် ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များမှ နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်ပြီး မြစ်ကြီးနားမြို့၌ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် ဌာနဆိုင်ရာများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းများနှင့် ဆွေမျိုးနေအိမ်များတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း အိမ်ထောင်စု ၃၅၁၇ စုအတွက် ငွေကျပ် ၅၀၁၉၃၁၀၀ တန်ဖိုးရှိ ဆန် ၂၄ ပြည်ပါ ဆန်အိတ် ၁၈၅၉ အိတ်ကို ထောက်ပံ့ပေးအပ်ရာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားပြီး အိမ်ထောင်စုများအတွက် သွားလာစရိတ်အဖြစ် ငွေကျပ် ၇၅ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။        

ပြည်နယ်(ပြန်/ဆက်)