တိုက်ကြီး မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ တဘူးလှရေလှောင်တမံမှ တဘူးလှရေလွှဲဆည်သို့ ဆည်ရေပို့လွှတ်၍ တိုက်ကြီးမြို့နယ်အတွင်းရှိ နွေစပါး စိုက်ဧကများအတွက် ဆည်ရေများ ပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
တဘူးလှဆည်သည် ဥက္ကံမြို့၏ အရှေ့မြောက်ဘက် ၁၉ မိုင်ခန့်အကွာ ကုန်းပေါ်စုကျေးရွာ၏ မြောက်ဘက် ဥက္ကံချောင်းပေါ်တွင် တည်ရှိသည်။ မြေသားတမံ အမျိုးအစားဖြစ်ပြီး တမံအလျား ၁၃၀၅ ပေ၊ တမံအမြင့် ၉၅ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၁၉၄၆၀၀ ထိ သိုလှောင်ထားနိုင်ကာ ကန်ရေပြည့် ရေပြင်ကျယ်ဧရိယာ ဧက ၇၈၀၀ ကျယ်ဝန်းသည်။ ရေထုတ်ပြွန်မှာ သံကူ ကွန်ကရစ်အမျိုးအစားဖြစ်ပြီး အလျားပေ ၆၀၀ ရှည်လျား၍ ရေတံခါး ၆ ပေ ၄ ပေ သုံးပေါက်မှ
တမံ၏အောက်ဘက် ၁၁ မိုင်ခန့်အကွာရှိ တဘူးလှရေလွှဲဆည်သို့ ဆည်ရေပို့လွှတ် လျက်ရှိသည်။
စိုက်ပျိုးရေလိုအပ်ချိန်တွင် လယ်ယာ မြေများသို့ စနစ်တကျ ရောက်ရှိနိုင်ရေး ရေမြောင်းပြုပြင်ခြင်း၊ ရေအလေ အလွင့်ဆုံးရှုံးမှု နည်းပါးစေရေး လိုင်နင်စီခြင်း၊ မြောင်းအတွင်း ပိတ်ဆို့နေသော ချုံနွယ်၊ အမှိုက်၊ ဒိုက်၊ သဲနုန်းများကို နွေစပါး ရေပေးရာသီမတိုင်မီ ခုတ်ထွင် ရှင်းလင်းခြင်း၊ သဲနုန်းဆယ်ခြင်း၊ မြေသား မြောင်းပေါင်များ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
တဘူးလှရေလှောင်တမံမှ ဆည်ရေ သောက်ဧရိယာအတွင်းရှိ နွေစပါးစိုက် ဧကများအတွက် ဆည်ရေကို ဇန်နဝါရီ ၁ ရက်မှ စတင်ပေးဝေလျက်ရှိပြီး ၂၀၂၅-၂၀၂၆ နွေစပါးရာသီတွင် နွေစပါး ၂၉၉၄၉ ဧက လျာထားခဲ့ရာ ယခုနှစ်တွင် တဘူး လှရေလှောင်တမံ၏ ဆည်ရေသောက် ဧရိယာအတွင်း နွေစပါး ၂၉၉၅၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


