ကိုလံဘို   မတ်   ၁၉

 သီရိလင်္ကာနိုင်ငံ၌ နှစ်စဉ်တီဘီရောဂါဖြစ်ပွားသူ ၈၅၀၀ မှ ၉၅၀၀ ကြားရှိသည်ဟု  အမျိုးသားတီဘီရောဂါ ထိန်းချုပ်ရေးနှင့် ရင်ခေါင်းရောဂါဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ 

၂၀၂၅  ခုနှစ်တွင်  နိုင်ငံအတွင်း  တီဘီရောဂါဖြစ်ပွားသူ  ၈၇၂၆ ဦး တွေ့ရှိခဲ့သည်။ လူနာ ၇၅ ရာခိုင်နှုန်းမှာ  အဆုတ်တီဘီရောဂါခံစားနေရသည်။ ၅၅၀၀ ခန့်သည် အခြားသူများသို့ ကူးစက်နိုင်သောရောဂါပိုးရှိသည့် အနေအထားတွင်ရှိကြောင်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဗဟိုဌာနမှ လူထုအခြေပြုအထူးကုဆရာဝန် မီဇာယာ ကာဒါ က သတင်းထောက်များကို ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၌ တီဘီရောဂါဖြစ်ပွားမှုများ၏ ၄၅ ရာခိုင်နှုန်းမှာ အနောက်ပိုင်းပြည်နယ်မှ ဖြစ်ကြသည်။ တီဘီရောဂါဖြစ်ပွားမှုအများစုကို  မဒေါရာ၊   မက်တာကူလီရာ၊ ဘော်ရယ်လာ၊ ဝန်နာသာမူလာနှင့် ဂရင်းပတ်စ်တို့အပါအဝင် ကိုလံဘိုခရိုင်ရှိ လူနေထူထပ်သော နေရာအများအပြားတွင် တွေ့ရှိရသည်ဟု ကာဒါက ဆက်ပြော သည်။ လာမည့်နှစ်အတွင်း တီဘီရောဂါသည်ဦးရေ  ၅၀၀ ခန့်အထိ အနည်းငယ် ကျဆင်းလာမည်ဟု  ကျန်းမာရေးအာဏာပိုင်များက  မျှော်မှန်းထားကြောင်း ကာဒါက ဆက်လက်ပြောကြားခဲ့သည်။           

ဆင်ဟွာ