နေပြည်တော် မတ် ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အခြေပြု ခွာနာလျှာနာရောဂါ ကင်းရှင်းဇုန်နှင့် ကာကွယ်ဇုန် သတ်မှတ်ကြေညာခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အခြေပြု ခွာနာလျှာနာရောဂါ ကင်းရှင်းဇုန်နှင့် ကာကွယ်ဇုန်တည်ထောင် နိုင်ခြင်းအားဖြင့် ရောဂါကာကွယ် ထိန်းချုပ်မှုလု ပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ခြင်း၊ မွေးမြူတောင်သူများ၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝကို ပိုမိုဖွံ့ဖြိုးတိုးတက်စေခြင်း၊ ခွာနာလျှာနာရောဂါ ကင်းရှင်းခြင်းဖြင့် ကျွဲ/နွား ကုန်သွယ်မှုလုပ်ငန်းများ၌ ပိုမိုထောက်ပံ့ပေး နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း၊ ခွာနာလျှာနာရောဂါ ကင်းရှင်းဇုန် ဖော်ဆောင်နိုင်ခြင်း သည် နိုင်ငံတော်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်မည်ဖြစ်သလို နိုင်ငံတော်၏ အသားတင်ထုတ်လုပ်မှု(GDP)ကို တိုးမြှင့်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ခွာနာလျှာနာ ကင်းရှင်းဇုန်ဖော်ဆောင် ခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

 

ကင်းရှင်းဇုန်အဖြစ် သတ်မှတ်တည်ထောင်ပြီးစီးပါကလည်း ဇုန်အင်္ဂါရပ်များနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ဦးစီး ဌာနအနေဖြင့် ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ အခြေခံကျသော အချက်အလက်များ ဖြစ်သည့် မြေပြင်ဦးဆောင်ရမည့် မြို့နယ် ရှစ်မြို့နယ်မှ ဌာနဆိုင်ရာအကြီးအမှူးများ၊ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်း များအနေဖြင့်လည်း ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်သွားကြရန်၊ ထို့ပြင် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ မွေးမြူ ရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ကျရာကဏ္ဍကနေ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ကင်းရှင်းဇုန်တည်ထောင် ရသည့် ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ခွာနာလျှာနာရောဂါ ကင်းရှင်းဇုန်နှင့် ကာကွယ်ဇုန် တည်တံ့နိုင်ရေး ဆောင်ရွက်သွားမည့် စည်းကမ်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြကြပြီး FMD ကင်းရှင်းဇုန်နှင့် ကာကွယ်ဇုန်ဆောင်ရွက်ပြီးစီးမှုကို သတ်မှတ်ကြေညာသည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင် အဖွဲ့ဝင်(၁)၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာအကြီးအကဲများ၊ အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တိရစ္ဆာန်ဆေး ပညာကောင်စီနှင့် တိရစ္ဆာန် ဆရာဝန်များအသင်း၊ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်