ပုသိမ် မတ် ၂၀

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်ဝင်းနိုင်ကို သဘာပတိအဖြစ် တင်မြှောက်ပြီး သဘာပတိ ဦးကျော်ဝင်းနိုင်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ သဘာပတိအဖြစ် လည်းကောင်း လွှတ်တော်ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးကာ သဘာပတိက နှုတ်ခွန်းဆက် စကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။

 

ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ရာ ဦးသိန်းထွန်း ကျောင်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ကို ဦးမြင့်ကြိုင်၊ ကျုံပျော်မြို့နယ် ကိုယ်စားလှယ် အမှတ် (၁)က အမည်စာရင်း တင်သွင်းပြီး ဦးစန်းမင်း၊ လပွတ္တာမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) က ထောက်ခံခဲ့သည်။ ဥက္ကဋ္ဌလောင်းအမည်စာရင်း တင်သွင်းခံရသူ တစ်ဦးတည်းသာရှိသဖြင့် ဦးသိန်းထွန်း၊ ကျောင်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၁)အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက် ကြောင်း သဘာပတိက ကြေညာသည်။

 

ဆက်လက်၍ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ရာ ဦးစောသက်နိုင်ဦး၊ ကန်ကြီးထောင့်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁)နှင့် ဦးသိန်းလွင်၊ ဇလွန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂)တို့ကို ဒုတိယဥက္ကဋ္ဌလောင်းအဖြစ် တစ်ဦးထက်ပို၍ အမည်စာရင်း တင်သွင်းခဲ့ကြသည့်အတွက် လွှတ်တော်ဆိုင်ရာ နည်းဥပဒေပါ သတ်မှတ်နည်းလမ်းများနှင့်အညီ လျှို့ဝှက်ဆန္ဒမဲပေး၍ အဆုံးအဖြတ်ရယူရာ ဦးစောသက်နိုင်ဦးက ထောက်ခံမဲ အများဆုံး ရရှိသဖြင့် ဦးစောသက်နိုင်ဦး၊ ကန်ကြီးထောင့်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ကို လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ကြောင်း သဘာပတိက ကြေညာခဲ့သည်။

 

ယင်းနောက် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိ ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့ပြီး သဘာပတိက လွှတ်တော်ဥက္ကဋ္ဌထံ တာဝန်လွှဲအပ်ခဲ့သည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)