စစ်တွေ မတ် ၂၀
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်း အဝေးပထမနေ့ကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးနိုင်ဦးအား သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ ဆက်လက်၍ သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားပြီး တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်း ကြေညာ သည်။
ယင်းနောက် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့တွင် ကတိသစ္စာပြုကြပြီး ကတိသစ္စာ ပြုလွှာတွင် လက်မှတ်ရေးထိုးကြသည်။ ဆက်လက်၍ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။
ဆက်လက်၍ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါက်တာစန်းရွှေအား လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဒေါက်တာထင်လင်းဦးအား ရွေးချယ်တင်မြှောက်ကြသည်။
ယင်းနောက် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့မှောက်တွင် ကတိ သစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား သဘာပတိက တာဝန်လွှဲအပ်သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
တင်ထွန်း(ပြန်/ဆက်)


