တောင်ကြီး မတ် ၂၀

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နမ့်စန်မြို့နယ် မဲဆန္ဒနယ်ကိုယ်စားလှယ်အမှတ်(၁) ဦးလင်းအောင်ဆွေကို သဘာပတိအဖြစ် ရွေးချယ်တင်မြှောက် ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ ဦးစိုင်းလုံကျော် ဖယ်ခုံမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

 

ယင်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ မိုင်းပျဉ်းမြို့နယ် ကိုယ်စားလှယ် အမှတ်(၁) ဦးစိုင်းထွန်းစိန်နှင့် မိုင်းပန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးစဝ်သာဦး၊ နှစ်ဦး အမည်စာရင်းတင်သွင်းရာ ရှမ်းပြည်နယ်လွှတ်တော် နည်းဥပဒေ(၁၈)အရ ဆန္ဒမဲလက်မှတ်အသုံးပြု၍ ကိုယ်စားလှယ်များမှ လျှို့ဝှက်ဆန္ဒမဲဖြင့် မဲခွဲဆုံးဖြတ်ရာ ဦးစိုင်းထွန်းစိန်က ဆန္ဒမဲလက်မှတ် ၁၀၂ မဲရရှိသည့်အတွက် ၂၀၁၃ ခုနှစ် ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၂၆)နှင့် နည်းဥပဒေ(၂၇)တို့အရ ဦးစိုင်းထွန်းစိန်အား ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌအဖြစ် တင်မြှောက် ကြောင်း သဘာပတိက ကြေညာသည်။

 

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဦးစိုင်းလုံကျော် နှင့် ဦးစိုင်းထွန်းစိန်တို့က သဘာပတိရှေ့မှောက်၌ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ကြသည်။

 

ထို့နောက် သဘာပတိက ၂၀၁၃ ခုနှစ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၂၉)အရ ပြည်နယ် လွတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်ကို တာဝန်လွှဲအပ်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

မောင်မောင်သန်း(တောင်ကြီး)