ထားဝယ် မတ် ၂၀
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် စောမာတင်လူသာအား သဘာပတိအဖြစ် တင်မြှောက်ခဲ့ကြပြီး လွှတ်တော်တွင် သဘာပတိက နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် သဘာပတိရှေ့မှောက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြု ခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ က ဦးမြတ်ကို၊ ထားဝယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)အား တတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးခင်မောင်မြင့်၊ ရေဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)အား တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း အသီးသီး ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ တိုင်းဒေသကြီးလွှတ်တော် သဘာပတိက လွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


