ပဲခူး မတ် ၂၀

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရွှေတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဆွေ (ခ)ဦးထွန်းထွန်းဦးကို သဘာပတိ အဖြစ် ရွေးချယ်တင်မြှောက်သည်။

 

ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်ချိုဦး အား တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဖြူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်ဌေးအား တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် ဦးအောင်ချိုဦးနှင့် ဦးကျော်ဌေးတို့က သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။ ထို့နောက် သဘာပတိက ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးထံ တာဝန်လွှဲအပ်သည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)