ဟားခါး မတ် ၂၀
တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီ က ဟားခါးမြို့ရှိ ချင်းပြည်နယ် လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပရာ သဘာပတိ လောင်းအဖြစ် တင်မြှောက်ရန် အမည်စာရင်း တင်သွင်းသူ နှစ်ဦးရှိသည့်အတွက် လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ရာ မဲအများဆုံးရရှိသည့် ဟားခါးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာ ဝုန်ဆွန်းထန်ကို သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ကြသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသန့်စင်ဦးက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကောလ် လျန်ထန်း တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး တီးတိန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးတင်ကာကျင်က ထောက်ခံ သည့်အတွက် ၂၀၁၃ ခုနှစ်၊ ပြည်နယ်လွှတ်တော် နည်းဥပဒေ (၁၇)အရ ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကောလ်လျန်ထန်းအား ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ယင်းနောက် ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ရာ ထန်တလန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်ကျော်ဌေးက ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ လောင်းအဖြစ် မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသန့်စင်ဦး တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကောလ်လျန်ထန်းက ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၂၂) အရ ထန်တလန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသန့်စင် ဦးအား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ဆက်လက်၍ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင် မြှောက်ခြင်းခံရ သည့် ဦးကောလ်လျန်ထန်းနှင့် ဦးသန့်စင်ဦးတို့က သဘာပတိ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် သဘာပတိက ၂၀၁၃ ခုနှစ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၂၉)အရ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းကို တာဝန်လွှဲအပ်သည်။
ယင်းနောက် ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)


