နေပြည်တော် မတ် ၂၀

တက္ကသိုလ်/ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဆန်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံသားအားလုံး အသိဉာဏ်ပညာပြည့်ဝ ရေးနှင့် အတွေးအခေါ် မှန်ကန်ရေးဖြစ်ကြောင်း၊ ယခုသင်တန်းကို တက္ကသိုလ်/ကောလိပ် အသီးသီးရှိ သင်ကြားရေး ဆရာ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေပြီး အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော အသိပညာများ တိုးပွားလာစေရန်၊ အစုအဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်နိုင်ပြီး ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေ စိတ်ထားများ ပိုမိုကောင်းမွန်လာစေရန်နှင့် အခြေခံကာကွယ်ရေးပညာကို နားလည်သဘော ပေါက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

 

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးတည်ချက်(၄)ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် အမျိုးသား ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ မြင့်မားရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာတွင် ဆရာ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်း များက ကျရာအခန်းကဏ္ဍမှ ကျွမ်းကျင်မှုနှင့်အတူ စိတ်စေတနာကောင်းဖြင့် ပေါင်းစပ်ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် ခံယူချက်များကို မြင့်မားတိုးတက်စေသည့်အတွက် နိုင်ငံအတွက် အရေးပါပြီး တန်ဖိုးကြီးမားသည့် အခြေခံအရည်အချင်း ဖြစ်ပါကြောင်း၊ ပညာသင်ယူမှုမှတစ်ဆင့် ရရှိလာသည့် စဉ်းစားဆင်ခြင်သုံးသပ် နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းသည် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍအသီးသီးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။

 

နိုင်ငံသားတိုင်း လိုက်နာရမည့် စည်းကမ်းများ၊ တည်ဆဲဥပဒေများကို စောင့်ထိန်းလိုက်နာကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် ၆ ချက်နှင့် ကျင့်ဝတ်အပါး ၃၀ ကို အလေးထား လိုက်နာကြရန်၊ သင်တန်းကရရှိခဲ့သည့် အတွေ့အကြုံဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်နှင့် ပေါင်းစပ်ပြီး မိမိတို့၏ တက္ကသိုလ်/ကောလိပ်နှင့် မိမိတို့ဒေသ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက် လာအောင် ကြိုးပမ်းကြရန်၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား လူငယ်၊ မိဘ ပြည်သူနှင့် ရပ်ရွာလူထုအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်မည့် ပညာရပ်များကို ဆည်းပူးလေ့လာပြီး နိုင်ငံတော်အတွက် အားထားရသည့် မျိုးဆက်သစ် များ၏ ပညာရေးအခွင့်အလမ်းအသစ်များ ပေါ်ထွန်း စေရေး ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။

 

အဆိုပါသင်တန်းသို့ ဝန်ကြီးဌာန ရှစ်ခုမှ သင်တန်းသား ၆၈ ဦး၊ သင်တန်းသူ ၃၀၅ ဦး စုစုပေါင်း ၃၇၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ် ကြာမြင့်ခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တက္ကသိုလ်တာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်ရှိ ပတ္တမြားခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြား ကာ တက္ကသိုလ် စာကြည့်တိုက်၊ မဟောသဓခန်းမနှင့် စစ်တောင်းဆောင် ပြင်ဆင်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ တက္ကသိုလ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိသည့် စိုက်ခင်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စံပယ်ဆောင်တွင် အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၀၅) သင်တန်းသူများ နှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သိရသည်။  

 သတင်းစဉ်