နေပြည်တော် မတ် ၂၀

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြု အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

 

အလှူငွေပေးအပ်ပွဲ အခမ်း အနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်း၊ တပ်မတော်နေ့ ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် မင်းမင်းစိုးနှင့် စစ်ကြောင်းမှူးများ၊ စေတနာရှင် အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေ စုစုပေါင်းငွေကျပ် ၄၅၈၁၉၃၀၀၀၀ ကို ပေးအပ်လှူဒါန်းကြရာ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်း၊ တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်၊ တပ်မတော်နေ့ကျင်းပရေး စစ်ရေးပြလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် စန်းယုနိုင်၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် မင်းမင်းစိုးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဂုဏ်ပြုအလှူငွေ ပေးအပ်လှူဒါန်းပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်