ရန်ကုန် မတ် ၂၀

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက NSSA သည် ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအတွင်း အလုပ်အကိုင် အမျိုးအစား ၇၁ မျိုးအတွက် ကျွမ်းကျင်မှုစံအဆင့်အလိုက် ၁၀၄ မျိုးကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၃၀၅ ခု၊ စစ်ဆေးအကဲဖြတ်သူ ၉၂၁ ဦး၊ စစ်ဆေးရေးမှူး ၁၃၅ ဦး၊ အလုပ်အကိုင် ၄၂ မျိုးတွင် ဖြေဆိုသူ ၃၄၂၇၆ ဦး ဖြေဆိုခဲ့မှုအနက် ၃၁၇၃၃ ဦးကို ကျွမ်းကျင် လုပ်သားများ အဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အလုပ်အကိုင် ခုနစ်မျိုးအတွက် ကျွမ်းကျင် လုပ်သား ၃၀၀ ကို အမျိုးသား အဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းချုပ် ကိုယ်စားလှယ်များက အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အနော်ရထာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများကို သွားရောက်စစ်ဆေးပြီး အလုပ်သမားအဖွဲ့အစည်း ဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံများ၏ လုပ်ငန်းခွင်အခြေအနေ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်