နေပြည်တော် မတ် ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးတို့အတွက် ဘဏ္ဍာငွေရရှိမှု ပေါ်မူတည်၍ နှစ်စဉ်အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် လွယ်ကိုးကျေးရွာအုပ်စု လှည်းတိုးကျေးရွာရှိ စိုက်ပျိုးမြေဧက ၂၀ အတွက် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ရေရရှိရေးလုပ်ငန်း ရေရှည်တည်မြဲ ကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု မှတ်တမ်းများကို ကျေးရွာစိုက်ပျိုး ရေးတာဝန်ခံများထံ စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၂၉ ခု ကို ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် တောင်သူ ၁၇၁ ဦးတို့၏ စိုက်ပျိုး မြေ ၄၆၆ ဒသမ ၅ ဧကအတွက် စိုက်ပျိုးရေဖူလုံစွာရရှိ၍ ရာသီမရွေးသီးနှံများ စိုက်ပျိုးနိုင်ပြီဖြစ်သည့်အတွက် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


