နေပြည်တော် မတ် ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၂၀ ရက် နံနက် ပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိရာ အင်ဂျင်နီယာဘာသာရပ်နှင့် သင်တန်းနှစ်များအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးရန်၊ စာမေးပွဲပြီးချိန်၌ Academic Calendar အတိုင်း လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုမည့် အရည်အသွေးပြည့်မီသော မျိုးဆက်သစ်အင်ဂျင်နီယာကောင်းများ စဉ်ဆက်မပြတ်မွေးထုတ်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်မဆောင် အနီးဝန်းကျင်၊ တက္ကသိုလ်ဥပဓိရုပ် တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှု၊ စာကြည့်တိုက်၌ အခန်းအလိုက် စာအုပ်များ ဖြည့်ဆည်းထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ လေ့လာဖတ်ရှုမှု အဆင်ပြေစေရေး ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး စာမေးပွဲခန်းတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နိုင်ငံတော်က အမှန်တကယ်အားထားရသောထူးချွန်သည့် IT လူငယ်ပညာရှင်များကို စံနှုန်းများပြည့်မီစွာ ပျိုးထောင်ပေးနိုင်ရေး၊ ပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် AI အပါအဝင် ထွန်းသစ်စ IT နည်းပညာဆန်းသစ် တီထွင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်မဆောင်နှင့် တက္ကသိုလ်ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှုများ၊ စာကြည့်တိုက်၌ ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


